၁၀ နှစ်အတွင်း ဆင်းရဲမွဲတေမှုနှုန်း သုံးဆမြင့်တက်လာသည့် လက်ဘနွန်နိုင်ငံ

၁၀ နှစ်အတွင်း ဆင်းရဲမွဲတေမှုနှုန်း သုံးဆမြင့်တက်လာသည့် လက်ဘနွန်နိုင်ငံ
Photo:Picture Alliance
Photo:Picture Alliance
Published 26 May 2024

စစ်ပွဲများကြောင့် စီးပွားရေး ပြိုလဲခဲ့သည့် လက်ဘနွန်နိုင်ငံတွင် ဆယ်စုနှစ်တစ်စုအတွင်း ဆင်းရဲမွဲတေမှုနှုန်း သုံးဆခန့် မြင့်တက်လာမှုနှင့်အတူ လက်ဘနွန်ပြည်သူသုံးဦးတွင် တစ်ဦးသည် ဆင်းရဲချို့တဲ့စွာ နေထိုင်နေရ သည်ဟု ကမ္ဘာ့ဘဏ်က မေ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း လက်ဘနွန်နိုင်ငံသား သုံးဦးတွင် တစ်ဦးသည် ဆင်းရဲချို့တဲ့စွာနေထိုင်ခဲ့ရသည်ဟု ကမ္ဘာ့ဘဏ်က လက်ဘနွန် လူဦးရေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို လွှမ်းခြုံဖော်ပြထားသည့် အစီရင် ခံစာတစ်စောင်တွင် ဖော်ပြခဲ့သည်။

ကမ္ဘာ့ဘဏ်သည် ဂါဇာစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးတို့ နယ်စပ် ဖြတ်ကျော် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် လက်ဘနွန်နိုင်ငံတောင်ပိုင်းသို့နှင့် အရှေ့ပိုင်းဟာမယ်ဒေသ မှ ဒေသခံများ၏ ဆင်းရဲမွဲတေမှု အချက်အလက်များကို ကောက်ယူနိုင်ခဲ့ခြင်းမရှိပေ။

“ဆင်းရဲမွဲတေတဲ့ လက်ဘနွန်ပြည်သူအရေအတွက်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကထက် သုံးဆကျော်မြင့်မား လာရုံသာမကဘဲ သူတို့တွေဟာ ဆင်းရဲမွဲတေမှုကွာဟချက် မြင့်တက်လာတာနဲ့အမျှ ပိုမိုနက်ရှိုင်းတဲ့ ဆင်း ရဲတွင်းထဲကို ကျသွားခဲ့ပါတယ်” ဟု  ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဆီးရီးယားနယ်စပ်အနီးရှိ လက်ဘနွန်မြောက်ပိုင်း အက်ခါဒေသတွင် ဆင်းရဲမွဲတေမှုနှုန်းသည် ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

အဆိုပါလေ့လာတွေ့ရှိချက်များအရ ဆင်းရဲမွဲတေမှု လျော့ကျစေရန်နှင့် လူမှုရေးကူညီထောက်ပံ့မှု အစီအစဉ်များကို ပိုမိုချဲ့ထွင်ရန် လိုအပ်နေသည့်အခြေအနေကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်ဟု  ကမ္ဘာ့ဘဏ်၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ယန်းခရစ်တိုဖီ ကာရက်က ပြောကြားခဲ့သည်။

လက်ဘနွန်၏ များပြားသည့် ဒုက္ခသည်များကြားတွင် ဆင်းရဲမွဲတေမှုများ ပျံ့နှံ့လျက်ရှိသည်။

လက်ရှိတွင် လက်ဘနွန်နိုင်ငံသည် အိမ်နီးချင်းဆီးရီးယားနိုင်ငံထံမှ ထွက်ပြေးဝင်ရောက်လာသည့် ဒုက္ခသည် နှစ်သန်းခန့်ကို လက်ခံထားရပြီး ထိုအရေအတွက်သည် လက်ဘနွန်နိုင်ငံ၏ လူဦးရေနှင့် အချိုးချကြည့်မည် ဆိုလျှင် ကမ္ဘာ့အများဆုံး ဒုက္ခသည်အရေအတွက်ကို လက်ခံထားရှိရခြင်းဖြစ်သည်။

ဆီးရီးယား အိမ်ထောင်စုများသည် ဆင်းရဲမွဲတေမှု အကျပ်အတည်း၏ ရိုက်ခတ်မှုကို ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီး ဆီးရီးယားနိုင်ငံသား ၁၀ ဦးတွင် ကိုးဦးခန့်မှာ ဆင်းရဲနေသည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။

ထို့ပြင် လက်ဘနွန်နိုင်ငံသည် ပါလက်စတိုင်း ဒုက္ခသည်အများအပြားကိုလည်း လက်ခံထားရသည်။

လက်ဘနွန်တွင် ဆိုးရွားသည့် ဆင်းရဲမွဲတေမှုအကျပ်အတည်းကြောင့် အိမ်ထောင်စုများသည် စား ဝတ်နေရေးနှင့် ကျန်းမာရေးအသုံးစရိတ်များကို လျှော့ချနေရပြီး ထိုအကျပ်အတည်းသည် ဆိုးရွားသည့် အကျိုးသက်ရောက်မှုများကို ရေရှည်ဖြစ်ပွားစေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

လက်ဘနွန်တွင် စားနပ်ရိက္ခာ မလုံခြုံမှုလည်း မြင့်တက်နေပြီး ဆင်းရဲသည့် အိမ်ထောင်စုများသည် ပုံမှန် စားသုံးနေကျ ပမာဏထက် နှစ်ဆခန့် လျှော့စားနေရပြီး အစားအစာများကို ချေးငှားစားသောက်နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဆင်းရဲမွဲတေမှုကြောင့် ကလေးများကို အစားအစာဝလင်အောင် ကျွေးရန် မိမိစားမည့်အစားအစာကို လျှော့စားနေရသည့် အရွယ်ရောက်ပြီး မိသားစုဝင်အရေအတွက်မှာလည်း လေးဆနီးပါး မြင့်တက်ခဲ့သည်။

မေ ၂၃ ရက်ကလည်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဂါဇာစစ်ပွဲသည် လက်ဘနွန်၏ စီးပွားရေး ကို ပိုမိုထိခိုက်စေကြောင်း ပြောကြားခဲ့သည်။

“ဂါဇာပဋိပက္ခနဲ့ လက်ဘနွန်ရဲ့တောင်ပိုင်း အစ္စရေးနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ ဆိုးကျိုးတွေဟာ လက်ဘနွန်ရဲ့ စီးပွားရေးကို ပိုမိုဆိုးရွားစေပါတယ်”ဟု IMF က ထုတ်ပြန်ခဲ့သည်။

လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ပြည်တွင်း အိမ်ပစ်ရာပစ်ထွက်ပြေး တိမ်းရှောင် ရသူပေါင်း သောင်းနှင့်ချီရှိကာ လယ်ဘနွန်တောင်ပိုင်းရှိ စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံများနှင့် ခရီးသွားကဏ္ဍများ ထိခိုက်ခဲ့သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲသည် လက်ဘနွန်၏ ထိခိုက်နေသည့် စီးပွားရေးကို စီးပွားပျက်ကပ်အတွင်းသို့ ပြန်လည်ကျရောက် စေလိမ့်မည်ဟု ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက  ကမ္ဘာ့ဘဏ်က သတိပေးခဲ့သည်။

                                            Ref:AFP

Most Read

Most Recent