အမေရိကန်ကို ဆန့်ကျင်နေသည့် မြောက်ကိုရီးယားကို ထောက်ပံ့ပေးသွားမည်ဟု ရုရှားသမ္မတပူတင်က မြောက်ကိုရီးယားခရီးစဉ်အတွင်း ပြောကြား

အမေရိကန်ကို ဆန့်ကျင်နေသည့် မြောက်ကိုရီးယားကို ထောက်ပံ့ပေးသွားမည်ဟု ရုရှားသမ္မတပူတင်က မြောက်ကိုရီးယားခရီးစဉ်အတွင်း ပြောကြား
Published 19 June 2024
Ref:AFP

အမေရိကန်ကို ဆန့်ကျင်နေသည့် မြောက်ကိုရီးယားကို ထောက်ပံ့ပေးသွားမည်ဟု ဇွန် ၁၉ ရက်က မြောက်ကိုရီးယားသို့ ရောက်ရှိလာသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် လုံခြုံရေးဆက်ဆံမှုများကို တိုးမြှင့်မည်ဟု ကတိပြုခဲ့သည်။

ရုရှားနိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်တွင် ပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ လက်ဆွဲနှုတ်ဆက်နေပုံ၊ ပွေ့ဖက်နေပုံများနှင့် စကားပြောနေပုံများကို ဖော်ပြထားသည်။

ပူတင်လိုက်ပါလာသည့် လေယာဉ်သည် ရုရှား၏ အရှေ့ဖျားဒေသတွင် ခရီးတစ်ထောက်ရပ်နားခဲ့ပြီးနောက် ပြုံယမ်းမြို့တော်သို့ ဒေသစံတော်ချိန် နံနက် ၂ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထို့နောက်ခေါင်းဆောင်နှစ်ဦးသည် ဇိမ်ခံမှန်လုံကားတစ်စီးဖြင့် ပူတင်နေထိုင်မည့် ဟိုတယ်သို့သွားရောက်ကာ ဟိုတယ်ထဲသို့ ဝင်ရောက်သွားပုံများကို ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ရုရှားသည် မြောက်ကိုရီးယားနိုင်ငံ၏ ထောက်ခံမှုကို မည်ကဲ့သို့ရယူမည်ဆိုခြင်းကို အမေရိကန်နှင့် ၎င်း၏ အာရှမဟာမိတ်များက အဖြေရှာလျက်ရှိသည်။

ပူတင်သည် မြောက်ကိုရီးယားသို့ မရောက်ရှိမီအချိန်က အမေရိကန်၏ စီးပွားရေး ဖိအားများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများကို ခံနိုင်စွမ်းရှိသည့် မြောက်ကိုရီးယားကို ချီးကျူးစကား ပြောကြားခဲ့သည်။

ပူတင်သည် ကင်ကို ရဲဘော်ရဲဘက်တစ်ဦးအဖြစ် ချီးကျူးခဲ့ပြီး တရားမဝင်သည့် တစ်ဖက်သတ် ထိန်းချုပ်ကန့်သတ်မှုများကို ပူးပေါင်းခုခံသွားမည်ဟု ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

Most Read

Most Recent