ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် သေဆုံးသူ ၂၃ ဦးရှိလာ

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် သေဆုံးသူ ၂၃ ဦးရှိလာ
ဆိုင်ကလုန်းမုန်တိုင်းရီမယ်လ် ဝင်ရောက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါတူအာခါလီမြို့တွင် နေအိမ်များပျက်စီးနေပုံကို မေ ၂၈ ရက်က တွေ့ရစဉ်(Photo: AFP)
ဆိုင်ကလုန်းမုန်တိုင်းရီမယ်လ် ဝင်ရောက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါတူအာခါလီမြို့တွင် နေအိမ်များပျက်စီးနေပုံကို မေ ၂၈ ရက်က တွေ့ရစဉ်(Photo: AFP)
Published 28 May 2024

ဖျက်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် သေဆုံးသူ ၂၃ ဦးအထိ ရှိလာကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်တွင် အပျက်အစီးအများအပြားဖြစ်စေခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းသည် ၎င်းတို့ကြုံတွေ့ဖူးသမျှထဲတွင် အလျင်မြန်ဆုံးစုဖွဲ့ဖြစ်ပေါ်လာပြီး အချိန်အကြာဆုံးတည်ရှိသည့် ဆိုင်ကလုန်းမုန် တိုင်းများထဲတွင်ပါဝင်သည်ဟု ဘင်္ဂလားဒေ့ရှ် မိုးလေဝသပညာရှင်များက မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

မေ ၂၆ ရက် ညနေခင်းက ဆိုင်ကလုန်းမုန်တိုင်းရီမယ်လ်သည် ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံတို့ကို အရှိန်ပြင်းပြင်းဝင်ရောက်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုနှင့် လှိုင်းထန်မှုများဖြစ်ပွားကာ မြေပြိုမှုဖြစ်ပွားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူ ၂၃ ဦးသေဆုံးကာ အိမ်ခြေထောင်ပေါင်းများစွာပျက်စီးခဲ့ပြီး လှိုင်းတားနံရံများ ပြိုကျပျက်စီးကာ ယင်းနှစ်နိုင်ငံစလုံးရှိမြို့များတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။

“ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်တဲ့ ကြာမြင့်ချိန်အရ အဲဒီဆိုင်ကလုန်း မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်သမိုင်းမှာ အချိန်အကြာဆုံး ဆိုင်ကလုန်းမုန်တိုင်းတစ်လုံး ဖြစ်တယ်”ဟု ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန ညွှန်ကြားရေးမှူး အဇီဇူအာရာမန်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်ကို ၃၆ နာရီကျော်ကြာ တိုက်ခတ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

၂၀၀၉ ခုနှစ်က ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း အိုင်လာသည် ၃၄ နာရီဝန်းကျင် ကြာမြင့်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် လူသိန်းနှင့်ချီ သေဆုံးခဲ့ပြီး လူနေသိပ်သည်းသော ကမ်းရိုးတန်းဒေသများတွင် အင်အားပြင်းမုန်တိုင်း ဝင်ရောက်သည့် အကြိမ် ရေမှာလည်း ရာသီဥတုပြောင်းလဲမှုကြောင့် သိသိသာသာတိုးလာခဲ့သည်။ ဖြည်းညင်းစွာရွေ့လျားပြီး အချိန်ပိုကြာမြင့်စွာ ဖြစ်ပေါ်တတ်သည့် မုန်တိုင်းများသည် အပျက်အစီးများ ပိုမိုဖြစ်ပေါ်စေသည်။

“ကျွန်တော့်တစ်သက်မှာ မုန်တိုင်းတွေအများကြီးနဲ့ကြုံဖူးပါတယ်။ ဒါပေမဲ့ အဲဒီလို ဆိုင်ကလုန်းမုန်တိုင်းမျိုးကို တစ်ခါမှမကြုံဖူးဘူး”ဟု ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ပါတူအာခါလီမြို့မှ အသက် ၈၀ အရွယ် ငါးဖမ်းသမားတစ်ဦးက ဆိုသည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုုးရွာသွန်းမှုများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီးမြို့ကြီးအချို့တွင် မိုးရေချိန် ၂၀၀ မီလီမီတာထက်မနည်း ရွာသွန်းခဲ့ကြောင်း သိရသည်။

မုန်တိုင်းဒီရေတက်လာခြင်းကြောင့် တမံကျိုးပေါက်မှုများ ဖြစ်ပွားခဲ့သဖြင့် စိုက်ပျိုးမြေများဆီသို့ ပင်လယ်ရေများ ဝင်ရောက်လာကာ ကမ်းရိုးတန်းတစ်လျှောက်ရှိ ရေချိုငါးမွေးမြူရေးကန်များတွင် ထိခိုက်မှုဖြစ်ပေါ်ခဲ့ပြီး သောက်သုံးရေညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ခံစားရသူ ၃ ဒသမ ၇ သန်းကျော်ရှိပြီး အိမ်ခြေ ၃၅,၀၀၀ ကျော် ပြိုကျပျက်စီးခဲ့ကာ နောက်ထပ်အိမ်ခြေ ၁၁၅,၀၀၀ ထိခိုက်ပျက်စီးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လျော့ပါးသက်သာရေးဝန်ကြီး မိုဟစ်ဘာရာမန်က ပြောကြားခဲ့သည်။

လတ်တလော ကြုံတွေ့ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း စောင့်ကြည့်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းအားလုံးနီးပါးထက်စုဖွဲ့ဖြစ်ပေါ်မှု ပိုမိုမြန်ဆန်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန ညွှန်ကြားရေးမှူး အဇီဇူအာရာမန်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ်ကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး ထောင်နှင့်ချီသည့် ဓာတ်တိုင်များ ပြိုလဲပျက်စီးခဲ့သည့်အတွက် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အိန္ဒိယတွင် လူခြောက်ဦးသေဆုံးခဲ့သည်။

Ref: AFP

Most Read

Most Recent