ယူကရိန်းသို့ အမေရိကန်စစ်သားများစေလွှတ်ရန် ရည်ရွယ်ချက်မရှိကြောင်း ဘိုင်ဒင် ပြောကြား

ယူကရိန်းသို့ အမေရိကန်စစ်သားများစေလွှတ်ရန် ရည်ရွယ်ချက်မရှိကြောင်း ဘိုင်ဒင် ပြောကြား
မေ ၂၅ ရက်က နယူးယောက်မြို့ရှိ West Point  စစ်အကယ်ဒမီတွင် မိန့်ခွန်းပြောကြားနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တွေ့ရစဉ်
မေ ၂၅ ရက်က နယူးယောက်မြို့ရှိ West Point  စစ်အကယ်ဒမီတွင် မိန့်ခွန်းပြောကြားနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တွေ့ရစဉ်
Published 26 May 2024

ယူကရိန်းသို့ အမေရိကန်စစ်သားများ စေလွှတ်ရန် ရည်ရွယ်ချက်မရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထပ်မံပြောကြားခဲ့ပြီး ကမ္ဘာ့အခင်းအကျင်းတွင် အမေရိကန်၏ ဦးဆောင်မှုအပိုင်းကို ဂုဏ်ပြုပြောဆိုခဲ့သည်။

“ယူကရိန်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အမေရိကန်စစ်သားတွေမရှိပါဘူး။ အဲဒီပုံစံအတိုင်းဘဲ ဆက်ရှိနေစေဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ယူကရိန်းဘက်က မြဲမြံစွာ ရပ်တည်နေပါတယ်။ သူတို့ဘက်ကပဲ ဆက်လက်ရပ်တည်သွားမှာပါ”ဟု ဘိုင်ဒင်က West Point စစ်အကယ်ဒမီတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ရုရှားသမ္မတဗလာဒီမာပူတင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် နေတိုးအဖွဲ့အတွင်း အက်ရာထင်စေလိမ့်မည်ဟု သေချာပေါက်တွေးတောခဲ့ကြောင်း ဘိုင်ဒင်က ပြောသည်။

“အဲဒီလိုဖြစ်ရမယ့်အစား အကြီးမားဆုံး ကာကွယ်ရေးမဟာမိတ်အဖွဲ့ဟာ ကမ္ဘာ့သမိုင်းမှာ အရင်ကထက်ပိုပြီး အင်အားကြီးလာခဲ့ပါတယ်”ဟု ဘိုင်ဒင်က ဆိုသည်။

ပြီးခဲ့သည့်လက အမေရိကန်လွှတ်တော် အမတ်များသည် ကာလကြာရှည်နှောင့်နှေး ကြန့်ကြာခဲ့သည့် ဒေါ်လာ ၆၁ ဘီလျံတန် ကြေးရှိသည့် စစ်ရေးအကူအညီကို အတည်ပြုပေးခဲ့သည်။

ထိုအချိန်ကတည်းက ဘိုင်ဒင်သည် ယူကရိန်းကို စစ်ရေးအကူအညီ ငါးကြိမ်ခွဲပေးရန် ညွှန်ကြားခဲ့သည်။

ထို့ပြင် အရှေ့အလယ်ပိုင်းဒေသတွင်လည်း အမေရိကန်၏ အခန်းကဏ္ဍကို ဘိုင်ဒင်က အမွှမ်းတင် ပြောကြားခဲ့သည်။

အမေရိကန်သည် ဟားမာ့စ်တို့ဖမ်းဆီးထားသည့် ဓားစာခံများကို ပြန်လည်လွတ်မြောက်စေရန်နှင့် အပစ်အခတ်ရပ်စဲစေရန်  သံတမန်ကြိုးပမ်းအားထုတ်မှုများကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

“အမေရိကန်တပ်ဖွဲ့တွေရဲ့ ကျေးဇူးကြောင့် အမေရိကန်ဟာ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော စူပါပါ၀ါနဲ့ မရှိမဖြစ်နိုင်ငံတစ်ခုအဖြစ် လုပ်ဆောင်နိုင်တာဖြစ်ပါတယ်”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည့် ဘိုင်ဒင်က အရာရှိလောင်းများအား နိုင်ငံရေးပါတီနှင့် သမ္မတအတွက်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် တာဝန်ထမ်းဆောင်မည်ဆိုသည့် သစ္စာအဓိဋ္ဌာန်နှင့် ပြည်တွင်း၊ ပြည်ပရန်သူအားလုံးအား ချေမှုန်းသွား မည်ဆိုသည့် သစ္စာအဓိဋ္ဌာန်တို့ကို လိုက်နာစောင့်ထိန်းရန် တိုက်တွန်းခဲ့သည်။

ဘိုင်ဒင်က စစ်အကယ်ဒမီမှ အရာရှိလောင်းများအား အမေရိကန်၏ ဒီမိုကရေစီကို ကာကွယ်စောင့်ကြပ် သူများအဖြစ် ခေါ်ဆိုခဲ့သည်။

“လွတ်လပ်မှုဆိုတာ အလကားမရပါဘူး။ အမြဲတစေ နိုးနိုးကြားကြားရှိနေဖို့ လိုအပ်ပါတယ်”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ထိုအချိန်အတောအတွင်း ယူကရိန်းသမ္မတ ဗိုလိုုဒီမာဇယ်လန်စကီးက လာမည့်လတွင် ဆွစ်ဇာလန်နိုင်ငံ၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ရန် ဘိုင်ဒင် နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ကို မေ ၂၆ ရက်က တိုက်တွန်းခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ပြုလုပ်မည့် ထိုငြိမ်းချမ်းရေးညီလာခံကို ဇွန် ၁၅ ရက် နှင့် ဇွန် ၁၆ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ လူဆာနီမြို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ဆွစ်ဇာလန်အစိုးရက ထိုညီလာခံကို နိုင်ငံပေါင်း ၁၆၀ မှ ကိုယ်စားလှယ်အဖွဲ့များအား ဖိတ်ကြားထားသည်။          

Ref:AFP

Most Read

Most Recent