ယူကရိန်းစစ်ပွဲ ရပ်တန့်ရေး၊ မျှတသောကုန်သွယ်မှုကို ထိန်းသိမ်းရေးအတွက် ပြင်သစ်နှင့် ဥရောပသမဂ္ဂက သမ္မတရှီကျင်းပင်ကို တိုက်တွန်း

ယူကရိန်းစစ်ပွဲ ရပ်တန့်ရေး၊ မျှတသောကုန်သွယ်မှုကို ထိန်းသိမ်းရေးအတွက် ပြင်သစ်နှင့် ဥရောပသမဂ္ဂက သမ္မတရှီကျင်းပင်ကို တိုက်တွန်း
မေ ၆ ရက်က ပဲရစ်မြို့ရှိ ပြင်သစ်သမ္မတအိမ်တော်၌ ပြုလုပ်သည့် နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲတွင် တရုတ်သမ္မတရှီကျင်းပင်(ဝဲ)နှင့် ပြင်သစ်သမ္မတမက်ခရွန်(ယာ)တို့ကို တွေ့ရစဉ်(Photo: AFP)
မေ ၆ ရက်က ပဲရစ်မြို့ရှိ ပြင်သစ်သမ္မတအိမ်တော်၌ ပြုလုပ်သည့် နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲတွင် တရုတ်သမ္မတရှီကျင်းပင်(ဝဲ)နှင့် ပြင်သစ်သမ္မတမက်ခရွန်(ယာ)တို့ကို တွေ့ရစဉ်(Photo: AFP)
Published 7 May 2024

ရုရှားက ယူကရိန်းကို ဆင်နွှဲနေသည့် စစ်ပွဲရပ်တန့်ရေးအတွက် တရုတ်က ၎င်း၏သြဇာကို အသုံးပြုရန် မေ ၆ ရက်က ပဲရစ်မြို့၌ ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲ၌ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ဥရောပ ကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့က တရုတ်သမ္မတ ရှီကျင်းပင်ကို တိုက်တွန်းခဲ့သည်။

ထို့ပြင် မျှတသော ကမ္ဘာလုံးဆိုင်ရာကုန် သွယ်ရေးစည်းမျဉ်းများကို အသိအမှတ်ပြုရန်လည်း ၎င်းတို့က သမ္မတရှီကို ပြောကြားခဲ့သည်။

သမ္မတရှီ၏ ပြင်သစ်သို့ နှစ်ရက်ကြာနိုင်ငံတော်အဆင့်ခရီးစဉ်သည် ၂၀၁၉ ခုနှစ် နောက်ပိုင်း ၎င်း၏ပထမဆုံး ဥရောပခရီးစဉ်ဖြစ်သည်။

ကနဦးပြုလုပ်ခဲ့သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အဖွင့်အစည်းအဝေးသို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလေယန်လည်း တက်ရောက်ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မက်ခရွန်က ယူကရိန်းအရေးအပါအဝင် အဓိကအကျပ်အတည်းများနှင့် ပတ်သက်၍ တရုတ်နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းသည် မုချအရေးပါသည်ဟု ပြောကြားခဲ့ပြီး ဥရောပ-တရုတ် ကုန်သွယ်ရေးတွင် စည်းမျဉ်းစည်းကမ်းများမျှတမှုရှိရန်လည်း တိုက်တွန်းခဲ့သည်။

“ဥရောပတိုက်ရဲ့အနာဂတ်ဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ဆက်လက်တိုးတက်ဖြစ်ထွန်းအောင် ဟန်ချက်ညီညီ ဖော်ဆောင်နိုင်စွမ်းအပေါ် သိသိသာသာ မှီခိုနေတယ်”ဟုလည်း မက်ခရွန်က ပြောကြားသည်။

ရှီကလည်း တရုတ်နှင့် ဥရောပသမဂ္ဂတို့ သည် မိတ်ဖက်များအဖြစ် ဆက်ရှိသင့်ကြောင်းနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးမှုအသစ်များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ရုရှားထံတင်ပို့နေတဲ့ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံး ထုတ်ကုန်ပစ္စည်းတွေ စစ်မြေပြင်ကိုမရောက်အောင် လျှော့ချဖြတ်တောက်ရေးအတွက် ပိုမိုအားစိုက်လုပ်ဆောင်ဖို့လိုတယ်”ဟု ဆွေးနွေးပွဲအပြီးတွင် ဗွန်ဒါလေယန် က ပြောကြားခဲ့သည်။ ယင်းကိစ္စရပ်သည် ဥရောပသမဂ္ဂနှင့် တရုတ်ဆက်ဆံရေးကို မုချ သက်ရောက်မှုရှိကြောင်းလည်း ၎င်းကဆိုသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်သည့် စစ်ပွဲအဆုံးသတ်နိုင်ရန် ရုရှားအပေါ် သြဇာလွှမ်းမိုးမှုမှန်သမျှကို အသုံးချရေးအတွက် တရုတ်အားပြင်သစ်နှင့် ဥရောပသမဂ္ဂတို့က အားကိုးအားထားပြုကြောင်းနှင့် ဥရောပနှင့် တရုတ်သည် ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့နှင့် ပတ်သက်၍ အကျိုးစီးပွားချင်း ဆက်နွှယ်နေကြောင်း ၎င်းက ထပ်မံပြောကြားသည်။

မက်ခရွန်ကလည်း ရုရှားအား စစ်လက်နက်များ ထောက်ပံ့ခြင်းမပြုဟူသော တရုတ်၏ ကတိကဝတ်များကို ကြိုဆိုကြောင်း ရှီနှင့်တွေ့ဆုံပြီးနောက်တွင် ပြောကြားခဲ့သည်။ သို့သော် နှစ်မျိုးသုံးနည်းပညာများ လွှဲပြောင်းပေး ဖွယ်ရှိသည့် အခြေအနေအပေါ် စိုးရိမ်ကြောင်း ၎င်းက ပြောကြားသည်။

ဥရောပအနေဖြင့် ၎င်း၏စီးပွားရေးနှင့်လုံခြုံရေးကို ကာကွယ်ရန်အတွက် လိုအပ်လာလျှင် ပြတ်သားသော ဆုံးဖြတ်ချက်များချရန် တုံ့ဆိုင်းနေမည်မဟုတ်ဟု ဗွန်ဒါလေယန်က ပြောကြားခဲ့သည်။ မညီမျှမှုများ သိသိသာသာရှိနေဆဲဖြစ်ပြီး ယင်းသည် အကြီးအကျယ် စိုးရိမ်စရာဖြစ်ကြောင်း ဥရောပစျေးကွက်ထဲသို့ အလုံးအရင်းဝင်ရောက်လာသည့် လျှပ်စစ်ကားနှင့် သံမဏိလုပ်ငန်းများအပေါ် တရုတ်အစိုးရ၏ ငွေကြေးထောက်ပံ့မှုများကို ၎င်းက ရည်ညွှန်းပြောဆိုခဲ့သည်။

သမ္မတရှီက တရုတ်၏ကုန်ပစ္စည်း ပိုလျှံထုတ်လုပ်မှုသည် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ပြဿနာဖြစ်ပေါ်စေခြင်းမရှိကြောင်းနှင့် တရုတ်နှင့် ဥရောပသည် ကုန်သွယ်ရေးဆိုင်ရာကွဲလွဲမှုများကို အပြန်အလှန်ဆွေးနွေးတိုင်ပင်ခြင်းဖြင့် အဖြေရှာကာ နှစ်ဦးနှစ်ဖက်လုံး၏  တရားဝင်စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent