အမြင့်ပိုင်းတွင် လေယာဉ်များကို ဒုက္ခပေးသော လေထုမတည်ငြိမ်မှုဖြစ်စဉ်၏ အန္တရာယ်

အမြင့်ပိုင်းတွင် လေယာဉ်များကို ဒုက္ခပေးသော လေထုမတည်ငြိမ်မှုဖြစ်စဉ်၏ အန္တရာယ်
Photo-AFP
Photo-AFP
Published 26 May 2024

မေ ၂၁ ရက်က စင်ကာပူလေကြောင်းလိုင်းခရီးစဉ်ကို ပျံသန်းသော လေယာဉ်ပေါ်၌ ခရီးသည် တစ်ဦးသေဆုံးသွားခဲ့ရသည့် လေယာဉ်ဗြောင်းဆန်မှုသည် ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုအဖြစ်များ လာသော ရှုပ်ထွေးဖြစ်စဉ်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

တောင်များ၏အနီးဝန်းကျင်တွင် မိုးသက်မုန်တိုင်းများ၊ လေပူလေအေး တွန်းကန်မှုဖြစ်စဉ်၊ လေ၏ ရွေ့လျားမှုတို့က လေယာဉ်ပျံသန်းသွားသော လေထဲတွင် ဗြောင်ဆန်မှုကို ဖြစ်စေနိုင်သည်။

လေထုထဲ၌ ဗြောင်းဆန်မှုသည် လတ္တီကျုအချို့၌ ကမ္ဘာကိုလှည့်ပတ်နေသော လေစီးကြောင်းများ( jet streams) ထဲတွင်လည်း ဖြစ်ပေါ်တတ်သည်။

“လေထုထဲမှာ ဗြောင်းဆန်မှု ဖြစ်စဉ်ကို ခန့်မှန်းရာမှာ မိုးလေဝသပညာရှင်တွေဟာ အကောင်းဆုံး တန်ဆာပလာတွေကို ပိုင်ဆိုင်ထားတယ်ဆိုပေမယ့်လည်း အဲဒါတွေဟာ ပြည့်စုံမှုမရှိပါဘူး”ဟု ဖလော်ရီဒါ ပြည်နယ်Embry-Riddle Aeronautical ရှိ လေကြောင်းဌာန ပါမောက္ခသောမက်စ်ဂင်းက ပြောကြားခဲ့သည်။

လေယာဉ်စီး ခရီးသည်များအနေဖြင့် ထိုင်ခုံခါးပတ်များကို ပတ်ထားသင့်သည်ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။ ယင်းသို့ ထိုင်ခုံခါးပတ်များကို ပတ်ထားခြင်းက ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခြင်းကို ပိုမိုနည်းပါးစေသည်ဟု ဆိုသည်။

ခရီးသည် ၁၀၄ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့သော စင်ကာပူလေကြောင်းလိုင်း၏ လေယာဉ်သည် လေထုဗြောင်းဆန်မှုထဲတွင် အန္တရာယ်အများဆုံးအမျိုးအစားဖြစ်သည့် clean- air  turbulence ကို ဝင်တိုးမိပုံရသည်ဟု  လေယာဉ်မောင်များအသင်း၏ ပြောကြားချက်အရ သိရသည်။ ပင်လယ်ရေမျက် နှာပြင်အထက်ပေ ၂၃,၀၀၀ မှ ပေ ၃၉,၀၀၀ အတွင်း အမြင့်ပိုင်း၌ ဖြစ်ပေါ်သော လေထုမငြိမ်သက်မှုသည်  clean- air  turbulence ပင်ဖြစ် သည်။ ၎င်းသည် တိမ်းကင်းစင်သော နေရာများတွင် ဖြစ်ပေါ်ခြင်းဖြစ်ပြီး လေယာဉ်ကို ပြင်းပြင်းထန်ထန် တုန်ခါစေသည်ဟု ဖက်ဒရယ်လေကြောင်း အုပ်ချုပ်ရေးဌာနက အဓိ ပ္ပာယ်ဖွင့်ဆိုထားသည်။

ယင်းအန္တရာယ်နှင့်ပတ်သက်၍ လေယာဉ်မှူးများကို သတိပေးရန် မျက်စိဖြင့်မြင်ရသည့် သဲလွန်စမရှိဘဲ မမျှော်လင့်ဘဲ မကြာမကြာ ကြုံရတတ်သောကြောင့် လေထုတွင်း ဗြောင်းဆန်မှုဖြစ်စဉ်သည် အထူးသဖြင့် ဒုက္ခပေးသည်ဟု ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးဌာနက ၎င်း၏ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ပြင်းထန်လေထုတွင်း ဗြောင်းဆန်မှုဖြစ်စဉ်ကို လေစီးကြောင်းများအနီးတွင် တွေ့ရတတ်ပြီး လေတိုက်နှုန်း ၏လားရာ သို့မဟုတ် လေတိုက်နှုန်း မြန်နှုန်းတို့တွင် ရုတ်တရက် အပြောင်းအလဲများနှင့်ဆက်စပ်ပြီး ဖြစ်ပေါ်သည်ကို တွေ့ရသည်။

လေကြောင်း မတော်တဆဖြစ်ပွားမှုနှုန်းများတွင် မှန်မှန်တိုးတက်မှုများရှိနေသည့်တိုင် လေထုမတည်ငြိမ်မှုသည် မတော်တဆဖြစ်ပွားမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများ၏ အဓိကအကြောင်းရင်းအဖြစ် ဆက်လက်ရှိနေသည်ဟု အမေရိကန် အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းမှုဘုတ်အဖွဲ့၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာအရ သိရ သည်။

ခရီးသည်တင်လေယာဉ်များတွင် ယင်းသို့ လေထုမတည် ငြိမ်မှုဖြစ်စဉ်နှင့်ဆက်စပ်နေသော သေဆုံးမှုများသည် အလွန်ရှားပါးသည်ဟု ရီးဒင်းတက္ကသိုလ်ရှိ လေထုသိပ္ပံပါ မောက္ခဒေါက်တာပေါလ်ဝီလျံက ပြောကြားသည်။

ရာသီဥတုပြောင်းလဲမှုသည် လေယာဉ်များ တုန်ခါမှုဖြစ်စဉ် မကြာခဏဖြစ်ပွားခြင်းကို တိုးလာစေသည်ဟု ၎င်းက ပြောသည်။

စင်ကာပူလေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် SQ 321 လေယာဉ်သည် လေထုမတည်ငြိမ်မှုဖြစ်စဉ်ကို ပက်ပင်းတိုးခဲ့ရပြီး ပြန်းထန်စွာ တုန်ခါခဲ့သောကြောင့် ယင်းလေယာဉ်ပေါ်ရှိ ခရီးသည်များသည် ဦးခေါင်းခွံ၊ ဦးနှောက်၊ ကျောရိုးဒဏ်ရာ တို့ရခဲ့ကြသည်ဟု မေ ၂၃ ရက်တွင် ဘန်ကောက်ဆေးရုံတစ်ခု၏ အကြီးအကဲက ပြောကြားခဲ့သည်။

Boeing 777 -300 ER လေယာဉ်သည် မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်းဒေသတွင် ကောင်းကင်အမြင့်ပေ ၃၇,၀၀၀ တွင်ပျံသန်းလျက်ရှိစဉ် လေထုတွင်း ဗြောင်းဆန်မှုဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် လေယာဉ်သည် တုန်ခါခဲ့ပြီး မိနစ်ပိုင်းအတွင်း ပေ ၃၁,၀၀၀ သို့ပြုတ်ကျခဲ့သည်။

လေယာဉ်သည် အမြင့်ပိုင်းတွင် ကြောက်မက်ဖွယ်အနေအထားကို ကြုံတွေ့ရစဉ် ပြင်းပြင်းထန်ထန် တုန်ခါမှုကြောင့် ခရီးသည်များသည် ထိတ်လန့်ခဲ့ကြရသည်။ လေယာဉ် မျက်နှာကြက်နှင့်ခေါင်းတို့ စောင့်မိ ခဲ့ကြသည်။

အသက် ၇၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသား အမျိိုးသားသည် နှလုံးဖောက်ပြီး လေယာဉ်ပေါ်တွင် သေဆုံးခဲ့သည်။ လူ ၁၀၄ ဦး ဒဏ်ရာရခဲ့သည်။ ဒဏ်ရာရသူများထဲက လူနာ ၂၀ သည် အရေးပေါ်ခန်းထဲ ရောက်နေသည်။                       

                                          Ref:AFP

Most Read

Most Recent