တရုတ်နှင့် စစ်ပွဲဖြစ်အံ့ဆဲဆဲအခြေအနေ မဟုတ်သကဲ့သို့ မရှောင်လွှဲနိုင်သည့်အခြေအနေလည်း မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောကြား

တရုတ်နှင့် စစ်ပွဲဖြစ်အံ့ဆဲဆဲအခြေအနေ မဟုတ်သကဲ့သို့ မရှောင်လွှဲနိုင်သည့်အခြေအနေလည်း မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောကြား
ဇွန် ၁ ရက်က စင်ကာပူနိုင်ငံတွင်ပြုလုပ်သည့် ရှန်ဂရီလာ လုံခြုံရေးဖိုရမ်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်က မိန့်ခွန်းပြောကြားနေစဉ်(Photo: AP)
ဇွန် ၁ ရက်က စင်ကာပူနိုင်ငံတွင်ပြုလုပ်သည့် ရှန်ဂရီလာ လုံခြုံရေးဖိုရမ်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်က မိန့်ခွန်းပြောကြားနေစဉ်(Photo: AP)
Published 1 June 2024

အာရှ-ပစိဖိတ်ဒေသတွင် တင်းမာမှုများ လျင်မြန်စွာမြင့်တက်နေသည့်တိုင် တရုတ်နှင့် စစ်ပွဲဖြစ်အံ့ဆဲဆဲအခြေအနေ မဟုတ်သကဲ့သို့ မရှောင်လွှဲနိုင်သည့်အခြေအနေလည်း မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဇွန် ၁ ရက်က စင်ကာပူနိုင်ငံတွင်ပြုလုပ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် နားလည်မှုလွဲမှားမှုများနှင့် ခန့်မှန်းတွက်ချက်မှု မှားယွင်းမှုကို ရှောင်ရှားရန်  ၎င်းနှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တုံးကျန်းအကြားဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ခြင်း၏ အရေးကြီးပုံကိုလည်း အော်စတင်က အလေးထားပြောဆိုခဲ့သည်။

အော်စတင်သည် စင်ကာပူနိုင်ငံတွင် ပြုလုပ်နေသည့် ရှန်ဂရီလာ ကာကွယ်ရေးဖိုရမ်တွင် တုံးနှင့် ဘေးဆွယ်တွေ့ဆုံမှုအဖြစ် တစ်နာရီကျော်ကြာ သီးသန့်ဆွေးနွေးခဲ့ပြီးနောက် အဆိုပါ မှတ်ချက်စကားများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်က အမေရိကန်အောက် လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီးတွင် အမေရိကန်နှင့် တရုတ်စစ်တပ်အကြား ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများအကြား ၁၈ လအတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်သည်။

အော်စတင်နှင့် တုံးတို့သည် ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးတို့နှင့်ပတ်သက်ပြီး ၎င်းတို့၏ ကာလကြာရှည်ထားရှိခဲ့သည့် သဘောထားများကို ပြောင်းလဲခြင်းမရှိခဲ့ပေ။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်အဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးသိမ်းယူမည်ဟု ကြေညာထားကာ တောင်တရုတ်ပင်လယ်တွင်လည်း နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်းကြေ ညာထားသဖြင့် ဖိလစ်ပိုင်အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။

အော်စတင်သည် တုံးနှင့်ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အသေးစိတ်ပြောကြားခဲ့ခြင်းမရှိသော်လည်း ၎င်းတို့နှစ်ဦး ထပ်မံဆွေးနွေးခြင်းသည် အရေးအကြီးဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဆွေးနွေးနေသမျှကာလပတ်လုံး ကျွန်တော်တို့ဟာ ပြဿနာဖြစ်စေတဲ့ အရေးကိစ္စတွေကို ခွဲခြားဖော်ထုတ်နိုင်မှာဖြစ်ပြီး အခြေအနေကို ထိန်းမနိုင်သိမ်းမရဖြစ်စေနိုင်တဲ့ နားလည်မှုလွဲမှားမှုတွေ၊ ခန့်မှန်းတွက်ချက်မှု လွဲမှားမှုတွေမရှိအောင် စိတ်ချသေချာစေဖို့အတွက် အရံအတားတွေကို သေချာစွာ ဖော်ဆောင်ချင်တဲ့ ဆန္ဒရှိပါတယ်” ဟု အော်စတင်က ပြောကြားခဲ့သည်။

မေ ၃၁ ရက်တွင်ညတွင်ပြုလုပ်ခဲ့သည့် အဆိုပါဖိုရမ်တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက မိန့်ခွန်းပြောကြားခဲ့ရာတွင် တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများနှင့် ကုန် တင်သင်္ဘောများသည် တရုတ်နှင့် ထိပ်တိုက်တွေ့နေချိန်တွင် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦး သေဆုံးခဲ့မည်ဆိုပါက ထိုဖြစ်စဉ်ကို စစ်ပွဲ၏လုပ်ဆောင်ချက်တစ်ခုအဖြစ် မိမိတို့ဘက်က သတ်မှတ်ရန်အလွန်နီးစပ်လိမ့်မည်ဖြစ်ပြီး သင့်လျော်သလို တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်အပါအဝင် ဖိလစ်ပိုင်၏ စာချုပ်ချုပ်ဆိုထားသည့် မိတ်ဖက်နိုင်ငံများသည် တူညီသည့် စံနှုန်းကို ကိုင်ဆွဲထားသည်ဟု ယူဆထားကြောင်း မားကို့စ်က ပြောကြားခဲ့သည်။

Ref: AP