အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် အပူချိန်များမြင့်တက်မှုကြောင့် တစ်ရက်အတွင်း လူ ၁၅ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် အပူချိန်များမြင့်တက်မှုကြောင့် တစ်ရက်အတွင်း လူ ၁၅ ဦးထက်မနည်း သေဆုံး
မေ ၂၄ ရက်က အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်တွင် အပူလှိုင်းများ ကျရောက်နေချိန်အတွင်း ရေခပ်ဆင်းနေသည့် ကျေးရွာသားများကို တွေ့ရစဉ်(Photo:AFP)
မေ ၂၄ ရက်က အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်တွင် အပူလှိုင်းများ ကျရောက်နေချိန်အတွင်း ရေခပ်ဆင်းနေသည့် ကျေးရွာသားများကို တွေ့ရစဉ်(Photo:AFP)
Published 31 May 2024

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်နှင့် အိုဒစ်ရှာပြည်နယ်များတွင် မေ ၃၀ ရက်က အပူချိန်များ မြင့်တက်မှုကြောင့် လူ ၁၅ ဦးထက်မနည်း အပူလျှပ်သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ပြီး ထိုဒေသတွင် ဆိုးရွားပြင်းထန်သည့် အပူလှိုင်းများသည် ဇွန် ၁ ရက်အထိ ဆက်လက်ကျရောက်နေလိမ့်မည်ဟု တာဝန်ရှိသူများက ခန့်မှန်းခဲ့သည်။

အိန္ဒိယနိုင်ငံ၏ နယူးဒေလီမြို့တော်တွင် ယခုသီတင်းပတ်အတွင်း အပူချိန် ၅၂ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်စ် အထိ စံချိန်တင်  မြင့်တက်ခဲ့ပြီး ထိုအပူချိန်ကို မိုးလေဝသဌာနက မိုလေဝသစခန်းများမှ အာရုံခံကိရိယာများ ဖြင့် ပြန်လည်စိစစ်သုံးသပ်ဖွယ်ရှိသည်။

အိန္ဒိယအနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် လာမည့်ရက်ပိုင်းအတွင်း အပူချိန်များ လျော့ကျ ဖွယ်ရှိပြီး အိန္ဒိယအရှေ့ပိုင်း အပူလှိုင်းများသည် နောက်ထပ် နှစ်ရက်အထိ ဆက်လက်ကျရောက်ဖွယ်ရှိသည်ဟု အိန္ဒိယမိုးလေဝသဌာန (IMD) က ပြောကြားခဲ့ပြီး အပူချိန်သည် ၄ ဒသမ ၅ ဒီ ဂရီဆဲလ်စီးယပ်စ်မှ ၆ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ ပိုမိုမြင့်တက်နိုင်ကြောင်း ကြေညာခဲ့သည်။

သေဆုံးသူ ၁၅ ဦးအနက် ၁၀ ဦးသည် အိုဒစ်ရှာပြည်နယ်၏ ရူအာကီလာဒေသမှ အစိုးရဆေးရုံမှ မေ ၃၀ ရက်တွင် သေဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျန်ငါးဦးမှာ ဘီဟာပြည်နယ် အာရွန်ဂါဘက်မြို့ မှဖြစ်သည်။

နောက်ထပ်ခုနစ်ဦးမှာလည်း ဆေးရုံတွင် သေဆုံးခဲ့သော်လည်း ၎င်းတို့၏ သေဆုံးမှုသည် အပူနှင့် ဆက်နွှယ်မှုရှိ၊ မရှိကို လေ့လာစစ်ဆေးနေသည်ဟု အာရွန်ဂါဘက်ခရိုင် တာဝန်ရှိသူ ရှရစ်ခန့် ရှာစထရီက ရိုက်တာသတင်း ဌာနကို ပြောကြားခဲ့သည်။

အိုဒစ်ရှာပြည်နယ်အစိုးရက အပူချိန်များပြင်းထန်သည့် နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအကြား အိမ်အပြင် ဘက်၌ သွားလာလှုပ်ရှားမှုများ မပြုလုပ်ရန် တားမြစ်ထားသည်။

ဘီဟာပြည်နယ်၏ အိမ်နီးချင်း ဂျာခန်းပြည်နယ်တွင် အပူလျှပ်သည်ဟု သံသယဖြင့် လူသုံးဦးသေဆုံးခဲ့သည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

ငှက်များနှင့် မျောက်များပင် အပူချိန်မြင့်မားမှုကြောင့် ဖျားနာပြီး အမြင့်မှပြုတ်ကျခဲ့သည့် ဒေလီမြို့တော်တွင် တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်အကောင်ရေ ၁၂၀၀ ခန့်သည် ရေကန်များနှင့် ရေပန်းများကို မှီခိုနေရသည်။

“ကျွန်တော်တို့အနေနဲ့ တိရစ္ဆာန်တွေကို ကျွေးတဲ့ အစားအစာတွေကိုတောင် ပြောင်းလဲခဲ့ပါတယ်။ ရေဓာတ် အများအပြားပါဝင်တဲ့ ရာသီပေါ်အသီးအနှံတွေနဲ့ အသီးအရွက်တွေကို ပိုကျွေးနေရပါတယ်” ဟု တိရစ္ဆာန် ဥယျာဉ်ညွှန်ကြားရေးမှူး ဆန်ဂျစ်ကူမာက ပြောကြားခဲ့သည်။

အိန္ဒိယတွင် နွေရာသီအပူချိန်မြင့်တက်မှုသည် ထူးခြားဖြစ်စဉ်တစ်ခုမဟုတ်ပေ။ သို့သော် နှစ်ပေါင်းများစွာကြာ သိပ္ပံဆိုင်ရာသု တေသနလေ့လာတွေ့ရှိချက်အရ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုသည် အပူလှိုင်းများ ဖြတ်သန်းသည့် အချိန်ကာလကို ပိုမိုရှည်ကြာပြီး ပိုမိုပြင်းထန်စေကာ မကြာခဏ ဖြတ်သန်းနိုင်စေကြောင်း တွေ့ရှိခဲ့သည်။

နယူးဒေလီမြို့တော်တွင် ရေပြတ်လတ်မှု အန္တရာယ်နှင့်ပတ်သက်၍ အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားကာ အချို့နေရာများတွင် ရေထောက်ပံ့ဖြန့်ချိမှုကို ဖြတ်တောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အိန္ဒိိယ၏ နေရာဒေသအချို့တွင် အပူချိန်များ မြင့်တက်နေချိန်တွင် နိုင်ငံအရှေ့မြောက်ပိုင်းရှိ မဏိပူရနှင့် အာသံပြည်နယ်တို့တွင် ဆိုင်ကလုန်း ရာမယ်မုန်တိုင်း တိုက်ခိုက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး နေရာဒေသအချို့တွင် မေ ၃၁ ရက်က ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့သည်။

ယခုနှစ်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် မုတ်သုန်မိုးများည် ပုံမှန်ထက်နှစ်ရက်စောပြီး ရွာသွန်းခဲ့သည်။

                                               Ref:AFP

Most Read

Most Recent