လူ ၁၀၇ ဦး သေဆုံးခဲ့သည့် ရေဘေးသင့် ဘရာဇီးတောင်ပိုင်းတွင် ရက်ပိုင်းအတွင်း မိုးများလာမည်ဟု ခန့်မှန်းထားသောကြောင့် လူသားချင်းစာနာမှုအကူအညီများ ပို့ဆောင်ရေးကို အမြန်ဆုံးလုပ်ဆောင်နေ

လူ ၁၀၇ ဦး သေဆုံးခဲ့သည့် ရေဘေးသင့် ဘရာဇီးတောင်ပိုင်းတွင် ရက်ပိုင်းအတွင်း မိုးများလာမည်ဟု ခန့်မှန်းထားသောကြောင့် လူသားချင်းစာနာမှုအကူအညီများ ပို့ဆောင်ရေးကို အမြန်ဆုံးလုပ်ဆောင်နေ
ဘရာဇီးရေကြီးမှုအတွင်း ထိခိုက်ပျက်စီးမှုများကို မေ ၉ ရက်တွင်တွေ့ရစဉ်(Photo:AFP)
ဘရာဇီးရေကြီးမှုအတွင်း ထိခိုက်ပျက်စီးမှုများကို မေ ၉ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 10 May 2024

ဘရာဇီးတောင်ပိုင်းကို ထိခိုက်စေမည်ဟု ခန့်မှန်းထားသော မိုးကြီးလေကြီးဖြစ်မည့် မိုးလေဝသအခြေအနေတို့ ဖြစ်ပေါ်မလာမီ ယင်းဒေသရှိ ရေဘေးသင့်ပြည်သူများထံ အကူအညီများ အမြန်ရောက်ရှိရေးအတွက် ကယ်ဆယ်ရေးအဖွဲ့များက မေ ၉ ရက်တွင် အချိန်လုဆောင်ရွက်နေသည်ဟု သိရသည်။

ရီယိုဂရန်းဒိုဆူးလ်ပြည်နယ်ရှိ မြို့ရွာ ၄၀၀ ခန့်သည် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေသည်။ ထို့ကြောင့် အနည်းဆုံး လူ ၁၀၇ ဦးသေဆုံးပြီး လူရာချီ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ပြည်သူ ၁ ဒသမ ၄ သန်းနေထိုင်သော ပြည်နယ်မြို့တော် ပေါ်တိုအယ်လီဂရီတွင် လူ ၁၆၄,၀၀၀ သည်နေအိမ်များကို စွန့်ခွာခဲ့ကြရသည်။

ယင်းပြည်နယ်ရှိ ဒေသအများအပြားတွင် သောက်သုံးရေ သို့မဟုတ် လျှပ်စစ်မီးမရဟု သိရသည်။ အကူအညီများ တောင်းခံသည့် ဆက်သွယ်ရေးလိုင်းများသည်လည်း ပြတ်တောက်နေသည်ဟု ဆိုသည်။ တယ်လီဖုန်းလိုင်းများနှင့် အင်တာနက်တို့ ပြတ်တောက်နေသည်။

ရပ်ကွက်အများစုသည် သောက်သုံးရေ မရရှိခြင်း၊ တယ်လီဖုန်းသို့မဟုတ် အင်တာနက်လိုင်းများ ပြတ်တောက်မှုနှင့် ကြုံတွေ့နေရကာ လူပေါင်းသောင်းချီသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ကြုံတွေ့နေရသည်။

စုစုပေါင်း လူ ၁၃၄ ဦး ပျောက်ဆုံးနေပြီး လူ ၁ ဒသမ ၇ သန်းနီးပါးသည် ရေကြီးမှုများအတွင်း ထိခိုက်ဆုံးရှုံးမှုများကို ကြုံတွေ့ထားသည်ဟု ဆိုသည်။ ရေကြီးမှုသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေသည်ဟု အစိုးရနှင့် ပညာရှင်များက ပြောကြားသည်။

လှေများ၊ စပိဘုတ်များဖြင့်လာသော ကယ်ဆယ်ရေးသမားများသည် မြစ်ပြင်အဖြစ် ပြောင်းလဲသွားသော လမ်းများပေါ်တွင် သွားလာကာ နေအိမ်များထဲတွင် ပိတ်မိနေသူများကို ရှာဖွေလျက်ရှိသည်။

ပေါ်တိုအယ်လီဂရီမြို့ကို ဖြတ်စီးသွားသော ဂွိုင်ဘာမြစ်သည် ယခုသီတင်းပတ်ထဲတွင် သမိုင်းဝင် မြစ်ရေချိန်သို့ ရောက်ရှိခဲ့သည်။

ဆည်များ ကျိုးပေါက်မည့် အန္တရာယ်ရှိနေသည်ဟု တာဝန်ရှိသူများက သတိပေးထားသည်။

“ကယ်ဆယ်ရေးကို အဓိကထားလုပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့လည်း ကျွန်မတို့ အပြင်းအထန် ဆောင်ရွက်နေပါတယ်”ဟု ဘေးအန္တရာယ် ကယ်ဆယ်ရေးကိစ္စများကို ကိုင်တွယ်ဆောင်ရွက်နေသော မြို့ပြကာကွယ်ရေးအဖွဲ့အတွက် ပြောရေးဆိုခွင့်ရအမျိုးသမီး ဆာဘရီနာရီးဘက်က သတင်းထောက်များကို ပြောကြားခဲ့သည်။

မေ ၁၀ ရက်မှ မေ ၁၂ ရက်အထိ မိုးများမည့် အနေအထားများအတွက် သတိပေးချက်များ ထုတ်ပြန်ထားခြင်းကြောင့် လာမည့်ရက်ပိုင်းအတွင်း လူသားချင်းစာနာမှု အကူအညီပေးမည့် ကိစ္စများကို နှောင့်နှေးစေလိမ့်မည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပေါ်တိုအယ်လီဂရီမြို့ထဲရှိ အားကစားကွင်းထဲတွင် လူ ၄၅၀ စာအတွက် ယာယီနေရာထိုင်ခင်းများကို စီစဉ်ပေးထားသည်ဟု ဆိုသည်။

ဗဟိုအစိုးရက လမ်းများရှင်းလင်းခြင်း၊ အစားအစာများ၊ သောက်သုံးရေနှင့် အိပ်ရာများကို ဝေငှခြင်းနှင့် ယာယီအမိုးအကာများ စီစဉ်ပေးခြင်းတို့ကို ပြုလုပ်ရန် စစ်သား ၆၀၀ ကျော်ကို တပ်ဖြန့်စေလွှတ်ခဲ့ကာ လေယာဉ် များနှင့် လှေများကိုလည်း ပေးပို့ခဲ့သည်။

                                                        Ref:AFP

Most Read

Most Recent