ယူကရိန်းအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လိုပါက ရုရှားကို လက်နက်ချအညံ့ခံရန် ရုရှားသမ္မတ ဗလာဒီမာပူတင် တောင်းဆို

ယူကရိန်းအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လိုပါက ရုရှားကို လက်နက်ချအညံ့ခံရန် ရုရှားသမ္မတ ဗလာဒီမာပူတင် တောင်းဆို
ဇွန် ၁၄ ရက်က မော်စကိုမြို့တော်ရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်နေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တွေ့ရစဉ်(Photo: AFP)
ဇွန် ၁၄ ရက်က မော်စကိုမြို့တော်ရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်နေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တွေ့ရစဉ်(Photo: AFP)
Published 15 June 2024

ယူကရိန်းအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်လိုပါက ရုရှားကိုလက်နက်ချအညံံခံရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန် ၁၄ ရက်တွင် တောင်းဆိုခဲ့သဖြင့် ယူကရိန်းနှင့်အနောက်နိုင်ငံများထံမှ ဒေါသတကြီး တုံ့ပြန်မှုများထွက်ပေါ်ခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံတွင် ယူကရိန်းငြိမ်းချမ်းရေးညီလာခံမပြုလုပ်မီ မော်စကိုတွင် စကားစစ်ထိုးသည့် မိန့်ခွန်းတစ်ခုအတွင်း ပူတင်က ယူကရိန်းအနေဖြင့် နိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းမှ ယူကရိန်းစစ်သားများကို အပြည့်အဝပြန်လည်ရုပ်သိမ်းပြီး နေတိုးအဖွဲ့ဝင်ဖြစ်လိုသည့် ကြိုးပမ်းအားထုတ်မှုကို လက်လျှော့မှသာ ရုရှား၏ထိုးစစ်ကို ရပ်တန့်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းသည် သွေးစွန်းသည့်စစ်ပွဲအတွင်း နှစ်နှစ်ကျော်ကြာ မတိုးသာမဆုတ်သာအခြေအနေနှင့် ရင်ဆိုင်နေရပြီး စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးကတည်းက တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများမရှိခဲ့ပေ။

ယူကရိန်းကမူ မည်သည့်ငြိမ်းချမ်းရေး သဘောတူညီမှုမဆိုတွင် သိမ်းပိုက်ခံခရိုင်းမီးယားကျွန်းဆွယ်အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ယူကရိန်း၏ နယ်နိမိတ်များအတွင်းမှ အပြည့်အဝဆုတ်ခွာရန် ရုရှားကို တောင်းဆိုထားသည်။

ယခုသီတင်းပတ်ကုန်တွင် ပြုလုပ်သည့်  ငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံတကာ၏ထောက်ခံမှုကိုရရှိရန် မျှော်မှန်းထားသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးကမူ ပူတင်၏တောင်းဆိုချက်များသည် အဒေ့ါဖ် ဟစ်တလာ၏ နယ်နိမိတ်ပိုင်နက်ရာဇသံနှင့် ဆင်တူယိုးမှားဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။

“ယူကရိန်းစစ်သားတွေဟာ ဒိုးနက်ပြည်သူ့သမ္မတနိုင်ငံ၊ လူဟန့်စ် ပြည်သူ့သမ္မတနိုင်ငံ၊ ခါဆန်နဲ့ ဇာပိုရီရှား ဒေသတွေကနေအလုံးစုံဆုတ်ခွာရပါမယ်”ဟု ပူတင်က မော်စကိုတွင် ရုရှားသံတမန်များအား ရုပ်သံမှ မိန့်ခွန်းပြောကြားခဲ့သည်။

ရုရှားသည် ထိုဒေသလေးခုကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသည့်တိုင် ထိုဒေသများကို လက်အောက်ခံပြုကြောင်း ၂၀၂၂ ခုနှစ်က ကြေညာခဲ့သည်။

ခါဆန်နှင့် ဇာပိုရီရှားဒေသများ၏ ဒေသဆိုင်ရာ မြို့တော်များမှာ ယူကရိန်း၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဆဲဖြစ်သဖြင့် ပူတင်၏တောင်းဆိုမှုသည် ဆွေးနွေးမှုများမတိုင်မီ ကြိုတင်သတ်မှတ်ချက်တစ်ခုအနေဖြင့် ယူကရိန်းကရုရှားကို နယ်မြေပိုင်နက်များလွှဲပေးရမည့် အခြေအနေကို ဖော်ပြရာရောက်ခဲ့သည်။

“ယူကရိန်းအနေနဲ့ အဲဒီလိုလုပ်ဖို့အသင့်ရှိနေပြီး စစ်သားတွေကို စတင်ရုပ်သိမ်းတာတွေ၊ နေတိုးအဖွဲ့ထဲဝင်မယ့် အစီအစဉ်ကို စွန့်လွှတ်ကြောင်း တရားဝင်ကြေညာတာတွေ ရှိလာမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ချက်ချင်းဆိုသလို အပစ်အခတ်ရပ်စဲပြီးဆွေးနွေးပွဲတွေကို စတင်လုပ်ဆောင်သွားမှာပါ”ဟု ပူတင်က ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် ယူကရိန်း၏ကြားနေရပ်တည်မှု၊ မဟာမိတ်မဖွဲ့မှု၊ နျူကလီးယားလက်နက်နိုင်ငံမဟုတ်မှု၊ စစ်တပ်များနှင့် စစ်ရေးလှုပ်ရှားမှုများ ရွှေ့ထုတ်ကင်းပစေမှုနှင့် နာဇီဝါဒကိုဖျက်သိမ်းမှုတို့ဖြစ်စေရန် ကြိုး ပမ်းနေသည်ဟုလည်း ပူတင်က ပြောသည်။

ဇယ်လန်စကီးကမူ ပူတင်၏ ပြောကြားချက်များသည် နာဇီခေါင်းဆောင်ဟစ်တလာနှင့် တစ်လေသံတည်းဖြစ်ကြောင်း ချက်ချင်းတုံ့ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent