ဂါဇာတွင် အစ္စရေး၏ ဓားစာခံကယ်တင်သည့် စစ်ဆင်ရေးအတွင်း ဓားစာခံလေးဦး လွတ်မြောက်၊ ထိုစစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၂၀၀ ကျော်သေဆုံးဟု ဟားမာ့စ် ပြောကြား

ဂါဇာတွင် အစ္စရေး၏ ဓားစာခံကယ်တင်သည့် စစ်ဆင်ရေးအတွင်း ဓားစာခံလေးဦး လွတ်မြောက်၊ ထိုစစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၂၀၀ ကျော်သေဆုံးဟု ဟားမာ့စ် ပြောကြား
ဇွန် ၈ ရက်က တဲလ်အဗစ်မြို့တွင် ဂါဇာမှ ကယ်တင်နိုင်ခဲ့သည့် ဓားစာခံများကို အစ္စရေးစစ်သားများက ရဟတ်ယာဉ်ဖြင့်ခေါ်ဆောင်လာပြီး ရှီဘာဆေးရုံသို့ ပို့ဆောင်ပေးနေစဉ်(Photo:AFP)
ဇွန် ၈ ရက်က တဲလ်အဗစ်မြို့တွင် ဂါဇာမှ ကယ်တင်နိုင်ခဲ့သည့် ဓားစာခံများကို အစ္စရေးစစ်သားများက ရဟတ်ယာဉ်ဖြင့်ခေါ်ဆောင်လာပြီး ရှီဘာဆေးရုံသို့ ပို့ဆောင်ပေးနေစဉ်(Photo:AFP)
Published 9 June 2024

ဂါဇာကမ်းမြောင်ဒေသရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဇွန် ၈ ရက်က အစ္စရေးတပ်ဖွဲ့များသည် ဓားစာခံ ကယ်တင်သည့် စစ်ဆင်ရေးအတွင်း ဓားစာခံလေးဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပြီး ထိုစစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၂၁၀ သေဆုံးကာ လူပေါင်းရာချီဒဏ်ရာရခဲ့သည်ဟု ဟားမာ့စ်တို့ အုပ်ချုပ်ထားသည့် မီဒီယာက ဖော်ပြခဲ့သည်။

ကယ်တင်နိုင်ခဲ့သည့် ဓားစာခံလေးဦးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်တို့၏ တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ချိန်အတွင်း Nova တေးဂီတဖျော်ဖြေပွဲမှ ပြန်ပေးဆွဲခံခဲ့ရသူများဖြစ်ပြီး ကျန်းမာရေးအခြေ အနေကောင်းမွန်ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

ထိုနေ့မှာပင် ဂါဇာကမ်းမြောင်ဒေသတွင် ယာယီတည်ဆောက်ပေးထားသည့် ဆိပ်ခံတံတားမှတစ်ဆင့် ဂါဇာဒေသအတွင်းသို့ အကူအညီအနည်းငယ် ပြန်လည်ပို့ဆောင်ခဲ့သည်ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENT-COM) က ထုတ်ပြန်ခဲ့သည်။

ဂါဇာဒေသအတွက် လိုအပ်သည့် အကူအညီအထောက်အပံ့များ ဖြန့်ချိပေးမှုကို မြှင့်တင်ရန်အတွက် အမေရိကန်စစ်တပ်က တည်ဆောက်ခဲ့သည့် ထိုဆိပ်ခံတံတားသည် မေလကုန်ပိုင်းက မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့သဖြင့် အကူအညီပေးရေးလုပ်ငန်းများ ယာယီရပ်တန့်ခဲ့သည်။ ထိုတံတားကိုပြန်လည် ပြုပြင်ခဲ့ပြီးနောက် ဇွန် ၇ ရက်တွင် ပြန်လည် တည်ဆောက်ခဲ့သည်။

ကယ်တင်နိုင်ခဲ့သည့် ဓားစာခံလေးဦးမှာ နိုအာ အာဂါမာနီ (၂၆ နှစ်) ၊ အယ်လ်မော့ မီယာဂျန် (၂၂ နှစ်) ၊ အန်ဒရီ ကော့ဇ်လော့ဗ် (၂၇ နှစ်) နှင့် ရှလိုမီဇစ်ဗ် (၄၁ နှစ်)တို့ဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ သည်။

၎င်းတို့လေးဦးကို ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်လာခဲ့ပြီးနောက် တဲလ်အဗစ်မြို့ ဆေးရုံတွင် ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးမိတ်သဟာများနှင့် ပြန်လည်တွေ့ဆုံ ပေါင်းစည်းခဲ့သည့် ဓာတ်ပုံများကို အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဓားစာခံများ ဖမ်းဆီးထိန်းသိမ်းထားသည့် နူဆရတ်မြို့တွင် အစ္စရေးစစ်တပ်၏ ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုများ ပစ်ခတ်တိုက်ခိုက်မှုများကို ခံနေရကြောင်း ပါလက်စတိုင်းများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးကတည်းက ယခုကယ်တင်နိုင်ခဲ့သည့် ဓားစာခံလေး ဦးသည် အစ္စရေးတပ်ဖွဲ့များက ကယ်တင်နိုင်ခဲ့သည့် ဓားစာခံခုနစ်ဦးထဲတွင် ပါဝင်လာခဲ့သည်။

လက်ရှိအချိန်အထိ ဂါဇာတွင် ဓားစာခံ ၁၁၆ ဦးခန့်ရှိနေဆဲဖြစ်ပြီး ၎င်းတို့အနက် ၄၁ ဦးမှာ သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဓားစာခံများ ပြန်လည်လွတ်မြောက်လာသည့် သတင်းကြောင်း အစ္စရေးတွင် အောင်ပွဲခံမှုများ ပြုလုပ် နေသကဲ့သို့ တစ်ချိန်တည်းမှာပင် ဂါဇာတွင် ကျန်ရှိနေဆဲဖြစ်သည့် ဓားစာခံများ၏ ကံကြမ္မာနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများလည်း မြင့်တက်ခဲ့သည်။

“ဓားစာခံတွေအားလုံးကို စစ်ဆင်ရေးလုပ်ပြီး ကယ်ဖို့မဖြစ်နိုင်ပါဘူး”ဟု ဂါဇာတွင် ဖမ်းဆီးခံထားသည့် ဓားစာခံတစ်ဦး၏ ညီဖြစ်သူက ပြောကြားခဲ့သည်။            

Ref:AFP

Most Read

Most Recent