အစ္စရေးက လက်ဘနွန်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပြီးနောက် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာ

အစ္စရေးက လက်ဘနွန်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပြီးနောက် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာ
သြဂုတ် ၂၅ ရက်က လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးများထွက်ပေါ်နေစဉ်(Photo:AFP)
သြဂုတ် ၂၅ ရက်က လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးများထွက်ပေါ်နေစဉ်(Photo:AFP)
Published 25 August 2024

အစ္စရေးသည် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု များ ပြုလုပ်ခဲ့ပြီးနောက် သြဂုတ် ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီမှစပြီး နိုင်ငံတစ်ဝန်း ၄၈ နာရီကြာ အရေး ပေါ်အခြေအနေကြေညာကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်က ထုတ်ပြန်ခဲ့သည်။

“လူစုလူဝေးမပြုလုပ်ဖို့၊ အန္တရာယ်ရှိနိုင်တယ်လို့ ယူဆရတဲ့နေရာတွေကို ပိတ်ဖို့အပါအဝင် အစ္စရေးနိုင်ငံသား တွေကို အစ္စရေးစစ်တပ်က ညွှန်ကြားချက်တွေ ထုတ်ပြန်နိုင်ဖို့အတွက် အရေးပေါ်အခြေအနေကြေညာခဲ့ တာဖြစ်ပါတယ်”ဟု ဂဲလန့်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သီးခြားထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင်လည်း ဂဲလန့်သည် လက်ရှိ အခြေအနေအလုံးစုံကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ထံ ရှင်းလင်းတင်ပြခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန် ကြီးဌာနက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အစ္စရေးပြည်သူတွေအတွက် ကျရောက်လုဆဲဆဲ ခြိမ်းခြောက်မှုတစ်ခုကို ဟန့်တားဖို့အတွက် လက်ဘနွန်နိုင်ငံထဲက ပစ်မှတ်တွေကို တိကျစွာတိုက်ခိုက်ခဲ့ပါတယ်”ဟု ဂဲလန့်က အော်စတင်ကိုပြော ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လက်ဘနွန်နိုင်ငံအတွင်းရှိ အခြေအနေများကို အနီးကပ်စောင့်ကြည့်နေပြီး မိမိတို့ပြည်သူများကို ကာကွယ်ရန် နည်းလမ်းမျိုးစုံ အသုံးချရန် ဆုံးဖြတ်ထားကြောင်းလည်း ဂဲလန့်က ပြောကြားခဲ့သည်။

ဂဲလန့်နှင့် အော်စတင်တို့သည် ဒေသတွင်းတင်းမာမှုများ မြင့်တက်မှုကို ရှောင်ကြဉ်ခြင်း၏ အရေးကြီးပုံကိုလည်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

သြဂုတ် ၂၅ ရက်က အစ္စရေးသည် ဟစ်ဇ်ဘိုလာအဖွဲ့၏ ကြီးမားသည့် တိုက်ခိုက်မှုကို ဟန့်တားရန်အတွက် လက်ဘနွန်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့ကမူ ၎င်းတို့ ထိပ်သီးတပ် မှူးတစ်ဦး သေဆုံးမှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ်ကမူ အစ္စရေးနိုင်ငံမြောက်ပိုင်းကို ချိန်ရွယ်ထားသည့် ထောင်နှင့်ချီသည့် ဟစ်ဇ်ဘိုလာအဖွဲ့၏ ဒုံးပစ်လောင်ချာများကို  ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ထိုဒုံးပစ်လောင်ချာများထဲမှ အချို့သည် အစ္စရေးနိုင်ငံ အလယ်ပိုင်းကို ချိန်ရွယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့ကမူ အစ္စရေး၏ ပြောကြားချက်များသည် မှန်ကန်မှုမရှိဘဲ အစ္စရေးကို တိုက်ခိုက်မှုများကို အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့သည် ဂါဇာစစ်ပွဲ စတင်ခဲ့ချိန်ကတည်းက နေ့စဉ်နီးပါး အစ္စရေးတပ်ဖွဲ့များနှင့် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် လူသုံးဦးသေဆုံး ခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ခီအမ်မြို့တွင် အစ္စရေး၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့၏ မဟာမိတ်အဖွဲ့ဖြစ်သည့် အမ်မယ်လှုပ်ရှားမှုအဖွဲ့မှ တိုက်ခိုက်ရေးသမားတစ်ဦး သေဆုံးခဲ့ပြီး အခြားတိုက်ခိုက်မှုတစ်ခုတွင် လူနှစ်ဦး သေဆုံးခဲ့သည်။                                 

Ref:AFP

Most Read

Most Recent