အစ္စရေးကို ဆန့်ကျင် ဆန္ဒဖော်ထုတ်မှုများ ကမ္ဘာတဝန်းရှိ တက္ကသိုလ်ကျောင်းများတွင် ပြန်လည်ပြုလုပ်ရန် ဟားမတ်စ် တိုက်တွန်း

အစ္စရေးကို ဆန့်ကျင် ဆန္ဒဖော်ထုတ်မှုများ ကမ္ဘာတဝန်းရှိ တက္ကသိုလ်ကျောင်းများတွင် ပြန်လည်ပြုလုပ်ရန် ဟားမတ်စ် တိုက်တွန်း
Published 31 August 2024

ဂါဇာတိုက်ပွဲကိုဆန့်ကျင်ရန်နှင့် အစ္စရေးဘက်မှထောက်ခံနေသည့် အမေရိကန်နှင့်နိုင်ငံအချို့ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ပြုလုပ်ရန် ကမ္ဘာတဝန်းရှိ တက္ကသိုလ် ကျောင်းသားကျောင်းသူများအား ဟားမတ်စ်ထိပ်ပိုင်းခေါင်းဆောင်က တိုက်တွန်းနေသည်။

အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများအား ဂါဇာစစ်ပွဲရပ်တန့်အောင် သတင်းစကားပေးရန်လိုနေပြီဟု  ထိပ်ပိုင်းဟားမတ်ခေါင်းဆောင် ခါလစ်မာရှယ်က တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့၌ပြုလုပ်သည့် ညီလာခံတစ်ရပ်တွင်ပြောဆိုသွားခြင်းဖြစ်သည်။

 ဂါဇာကို ပစ်ပယ်မထားကြရန်နှင့် ဂါဇာကိုထောက်ခံအားပေးသည့် လှုပ်ရှားမှုများ ပြန်လည်ပြသကြရန် ဟားမတ်စ်ခေါင်းဆောင်က ဆော်ဩခဲ့သည်။

အမေရိကန်ပြည်ထောင်စုရှိ ကိုလံဘီယာတက္ကသိုလ် ကျောင်းသားကျောင်းသူများက ဧပြီလ ၁၈ ရက်တွင် ပါလက်စတိုင်းထောက်ခံဆန္ဒဖော်ထုတ်မှုများ စတင်ပြုလုပ်ခဲ့ပြီး တက္ကသိုလ်ဝင်းထဲစခန်းချနေခဲ့သည်။ အစ္စရေးနှင့်ပတ်သက်ပြီး ၎င်းတို့တက္ကသိုလ်၏ ပတ်သက်ဆက်နွယ်နေမှုများကိုရပ်တန့်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ကိုလံဘီယာတက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ယင်းလှုပ်ရှားမှုမှသည်  အမေရိကန်အပြင် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်နှင့်ကနေဒါစသည့် ဥရောပရှိတက္ကသိုလ်ကြီးများအထိ ဆန္ဒပြမှုများ ပျံ့နှံ့သွားခဲ့သည်။

လက်ရှိအစ္စရေးတပ်က အနောက်ဘက်ကမ်းဒေသတွင် အနှစ်၂၀ အတွင်း အပြင်းထန်ဆုံးစစ်ဆင်ရေးများကိုပြုလုပ်လျက်ရှိသည်။ ပါလက်စတိုင်းဘက်မှစာရင်းကိန်းဂဏန်းများအရ  အ‌နောက်ဘက်ကမ်းတွင် ပါလက်စတိုင်းသား ၆၀၀ ကျော်သေဆုံးထားပြီး  ၅၀၀၀ ကျော်ဒဏ်ရာရထားသည်။

Ref: Anadolu Agency

 

 

Most Read

Most Recent