သံလွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုများဖြစ်ပေါ်နေကာ ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ မြစ်ကမ်းဘေး နေအိမ်များ အရေးပေါ် ပြောင်းရွေ့ခဲ့ရ

သံလွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုများဖြစ်ပေါ်နေကာ ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ မြစ်ကမ်းဘေး နေအိမ်များ အရေးပေါ် ပြောင်းရွေ့ခဲ့ရ
Published 31 August 2024

သံလွင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုများဖြစ်ပေါ်နေသော ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ မြစ်ကမ်းဘေးနေအိမ်များ အရေးပေါ်ပြောင်းရွေ့ခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ကော့လှိုက်ကျေးရွာ မြစ်ကမ်းနားပိုင်းအား သံလွင်မြစ်ရေမှ တိုက်စားမှုကြောင့် ကမ်းပြိုမှုများ ယခင်ကတည်းက ဖြစ်ပေါ်နေသော်လည်း ပြီးခဲ့သည့် ရက်ပိုင်းက လူနေအိမ်အနီးနားထိ ကမ်းပြိုမှုများဖြစ်ပေါ်လာသည့်အတွက်ကြောင့် နေအိမ် (၁၆) လုံးအား အရေးပေါ်ပြောင်းရွေ့ခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကမ်းပြိုမှုကြောင့် အရေးပေါ်ပြောင်းရွေ့ပေးခဲ့ရတဲ့ နေအိမ် (၁၆) လုံးကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေ နေအိမ်အမျိုးအစားအလိုက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ ရယ်၊ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ဆန်ရိက္ခာတစ်ပတ်စာကို မနေ့ (ဩဂုတ် လ (၃၁) ရက်နေ့) ကထောက်ပံ့ပေးသွားတယ်ဟု ပြောကြားသည်။

ထို့အပြင် သံလွင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားနေသည့် ကော့လှိုက်ကျေးရွာကမ်းနားပိုင်းအား ကမ်းပြိုမှုမှ လျော့ပါးသက်သာစေရန်အတွက် ပြည်နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနမှ အရေးပေါ်မြစ်ကမ်းထိန်းလုပ်ငန်း လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိ မြစ်ကမ်းပြိုမှုကို အရေးပေါ်ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် သံလွင်မြစ်ရေစီနှုန်းလျော့ချခြင်း၊ ရေစီးအရှိန်ကြောင့်ကမ်းပါးများ ရေတိုက်စားမှုလျော့ချခြင်း၊ ကမ်းပါးမတ်စောက်မှုကိုလျော့ချ၍ သဲနှုန်းများအနည်ထိုင်စေရန် ပေ (၁၅၀) ခန့်ရှိ သဲအိတ်ဆွဲ ရေမျှောဝါးဖောင် (၈) ခုနှင့် ပေ (၁၀၀) ခန့်ရှိ သဲအိတ်ဆွဲရေမျှောဝါးဖောင် (၅) ခု တို့အား လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent