အတ္ထရံမြစ်ရေလျှံမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်း ၂၅ ကျောင်းအား ယာယီပိတ်ထား

အတ္ထရံမြစ်ရေလျှံမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်း ၂၅ ကျောင်းအား ယာယီပိတ်ထား
Published 1 August 2024

အတ္ထရံမြစ်ရေလျှံမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်း ၂၅ ကျောင်းအား ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးနှင့် နီးစပ်သူများထံမှ သိရသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ အတ္ထရံမြစ်ကမ်းဘေးတွင်တည်ရှိနေသော ဦးလေး၊ ငါးပြေမ၊ လမုခို၊ ဖာသိမ်ကမ်းနား၊ ပေါလောကုန်း အစရှိသည့် ကျေးရွာများမှ အခြေခံပညာစာသင်ကျောင်းများအား ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရေကြီးရေလျှံမှုဖြစ်ပွားနေလို့ ယာယီပိတ်ထားတဲ့ကျောင်းတွေက အထက်တန်းကျောင်းခွဲ (၂) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၃) ကျောင်း၊ မူလတန်း (လွန်) ကျောင်း (၂) ကျောင်းနဲ့ မူလတန်းကျောင်း (၁၈) ကျောင်းဖြစ်ပါတယ်။ ရေတွေအားလုံး ပြန်လည်ကျဆင်းသွားမှဘဲ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

မိုးရွာသွန်းမှုများနှင့် တောင်ကျရေလိမ့်ဆင်းမှုကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့မှစတင်ကာ အတ္ထရံမြစ်ရေလျှံမှုဖြစ်ပွားကာ ကျိုက်မရောမြို့အပါအဝင် အတ္ထရံမြစ်ကမ်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ ရက်သတ္တတစ်ပတ်ကျော်ရှိနေပြီးဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

“လောလောဆယ် ကျိုက်မရောမြို့ပေါ်က အခြေခံပညာအထက်တန်းကျောင်းကိုတော့ ဖွင့်ထားဆဲဖြစ်ပါတယ်။ ကျောင်းတက်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရေကျော်နေတဲ့နေရာတွေမှာ မီးသတ်တပ်ဖွဲ့တွေ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မြို့ခံတွေက လှေတွေနဲ့ ပို့ဆောင်ပေးနေကြပါတယ်” ဟု ကျိုက်မရောမြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။

ယမန်နှစ် ဩဂုတ်လဆန်းပိုင်းအချိန်ကလည်း မိုးရွာသွန်းမှုများနှင့် တောင်ကျရေလိမ့်ဆင်းမှုများကြောင့် အတ္ထရံမြစ်ရေတိုးလာသည့်အတွက် ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၀ ကျော်ကိုလည်း ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

Most Read

Most Recent