သထုံမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ  ကရင်လေးဆိပ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

သထုံမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ  ကရင်လေးဆိပ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ
Photo Credit - CJ
Photo Credit - CJ
Published 17 July 2024

သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာအနီး ဗိုလ်ခမ်းကွင်းအရှေ့ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ဒေသအခေါ် ကရင်လေလေးဆိပ်တံတားမှာ ယမန်နေ့ ဇူလိုင်လ ၁၆ ရက် ညပိုင်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၄/၆) နှင့် (၁၃၄/၇) ကြားရှိ ကရင်လေးဆိပ်တံတားမှာ တံတားအရှည် (၁၀) ပေခန့် ၊ တံတားအကျယ် (၅၄) ပေခန့်ရှိ တံတားငယ်တစ်စင်းဖြစ်ကြောင်းနှင့် ယမန်နေ့ ဇူလိုင်လ ၁၆ ရက် ည ၁၀ နာရီခွဲဝန်းကျင်အချိန်ခန့်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မနေ့ည (၁၀) နာရီခွဲဝန်းကျင်အချိန်လောက်မှာ ပေါက်ကွဲသံကြီး သုံး ကြိမ်ကြားလိုက်ရတယ်။ ကျနော်တို့က ကျုံအိတ်တံတားကိုဘဲ မိုင်းထပ်ခွဲတယ်ထင်နေကြတာ။ နောက်မှ ကရင်လေးဆိပ်ရွာအနီး ကားလမ်းမပေါ်က ကရင်လေးဆိပ်တံတား မိုင်းခွဲခံရတာလို့ သိရတာပါ” ဟု ပြောကြားသည်။

မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသည့်အတွက် ကရင်လေးဆိပ်တံတားတစ်စင်းလုံး ပြိုကျပျက်ဆီး သွားကြောင်းနှင့် လတ်တလော မော်တော်ယာဉ်ကြီးများ သွားလာ၍မရတော့ဘဲ နှစ်ဖက်ယာဉ်အစီးရေ (၁၀၀) ခန့် ရပ်စောင့်နေကြကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

“ကားသေးတွေကတော့ ထုံးစံအတိုင်း ရွာလမ်းတွေထဲကနေ သွားလာနေကြတာမျိုးရှိတယ်။ မိုးကလည်း ရွာနေတော့ ရွာလမ်းတွေက ဗွက်တွေထနေတယ်။ ကားကြီးတွေ ဝင်သွားရင်တော့ လမ်းတွေပျက်ဆီး အထဲမှာပါ ပိတ်ဆို့သွားနိုင်တယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။

လက်ရှိ မိုင်းထောင်ဖေါက်ခွဲ ဖျက်ဆီးခံခဲ့ရသည့်တံတားမှာ ယခင်က မိုင်းထောင်ဖေါက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတား နှင့် ဒေသအခေါ် မစောတံတားကြားတွင်တည်ရှိပြီး ကျုံအိတ်တံတားအနီးတွင် တည်ရှိသည့် တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ဒေသအခေါ် ကရင်လေးဆိပ်တံတားအား သထုံခရိုင်လမ်းဦးစီးဌာနနှင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီတို့မှ ပူးပေါင်းကာ အမြန်ဆုံးပြုပြင်သွားရန်စီစဉ်နေကြောင်းလည်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မိုင်းခွဲခံရတဲ့ တံတားက တံတားငယ်ဘဲဆိုတော့ တံတားအောက်ခြေကို ပြွန်ထည့်ပြီးတော့ အပေါ်ကနေ မြေကြီးဖို့မယ်လို့တော့ သိရတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက် နံနက် ၄ နာရီခွဲအချိန်ခန့်ကလည်း သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားအား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က ပထမအကြိမ်အဖြစ် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ တံတားမိုင်းခွဲခံရသည့်အတွက် တံတားတစ်ခြမ်းပြိုကျပျက်ဆီးခဲ့ကြောင်း၊ တံတားကျိုးကျချိန်တွင် အိမ်စီးကား သုံးစီးပျက်ဆီးခဲ့ရာ နှစ်စီးမှာ ချောင်းအတွင်းပြုတ်ကျပျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ယခုနှစ် မေလ (၁၁) ရက် နံနက်အစောပိုင်းအချိန်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် - မော်လမြိုင်ကားလမ်းရှိ ကျုံအိတ်တံတားမှာ ဒုတိယအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရာ ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်းနှင့် ဘေလီတံတားထိုးထားသည့် အခြမ်းပါပြိုကျပျက်ဆီးခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့နံနက်အစောပိုင်းအချိန်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင်ကလေးကျေးရွာအထွက် ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ တံတားအရှည် (၁၀၆) ပေ၊ အကျယ် (၂၄) ပေရှိ တံတားအမှတ် (၁/၁၃၀) ဒေသအခေါ် မစောတံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း နှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတားမှာ တံတား၏ (၃) ပုံ (၂) ပုံမှာ  ချောင်းအတွင်း ကျိုးကျပျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတားချောင်းအတွင်း ဆိုင်ကယ် (၃) စီးပြုတ်ကျခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂) ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

 

 

Most Read

Most Recent