အမရပူရမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင် တာရိုးကျိုးပေါက်၍ ပျောက်ဆုံးနေသူ ခုနစ် ဦး၏ ရုပ်အလောင်းများကို  ပြန်လည်တွေ့ရှိ

အမရပူရမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင် တာရိုးကျိုးပေါက်၍ ပျောက်ဆုံးနေသူ ခုနစ် ဦး၏ ရုပ်အလောင်းများကို  ပြန်လည်တွေ့ရှိ
Published 16 July 2024

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ယက်ကန်းတော်ကျေးရွာအနီး ဧရာဝတီမြစ်ဘေးတွင် တည်ဆောက်နေသော ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင်  တာရိုးကျိုးပေါက်ပြီး မြစ်ရေဝင်ရောက်ကာ အလုပ်သမား ခုနှစ်ဦး ပျောက်ဆုံးမှု ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး အဆိုပါ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်လျက်ရှိရာ  သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် စတင်၍  ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရှိရသည် ။

ယင်းနောက် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်ပြုလုပ်ခဲ့ရာ ကျန်ရှိသူ ၅ ဦး၏ ရုပ်အလောင်းများကို ညနေပိုင်းတွင် ထပ်မံ ရှာဖွေတွေ့ရှိခဲ့ပြီး ရေဆိုးမြောင်းအပြင်သို့ ထုတ်ယူနိုင်ခဲ့ကြောင်း သိရှိရသည် ။

 ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၈နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ယမ်းပျံကျေးရွာထိပ်၊ ဧရာဝတီမြစ်အတွင်း(အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာ)တွင် ရေဆိုးထုတ်ပြွန်အား တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် သဲဖြင့်ကာရံထားသောတုတ်မှ ရေများဝင်ရောက်လာပြီး လုပ်ငန်းဆောင်ရွက်နေသူ အလုပ်သမား ကျား(၁၀)ဦးအနက် ကျား(၇)ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရေပြင်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ။

အဆိုပါ ယက္ကန်းတော်ကျေးရွာ အနီး ဧရာဝတီမြစ်ဘေးတစ်လျှောက်တွင်  သဲမြေဖို့၍   ဆောက်လုပ်လျက်ရှိသည့် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၏ တစိတ်တပိုင်းတွင် ပါဝင်သော  လုပ်ငန်းခွင်အတွင်း တာရိုးကျိုးပေါက်ကာ  ရုတ်တရက် မြစ်ရေများ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး  ယင်းနှင့်စပ်ဆက်နေသော လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်နိုင်ခြင်းမရှိပေ ။

မန္တလေးမြို့ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းဧရိယာဝန်းကျင် မြေ ဧက ၂ဝဝဝ ပေါ်တွင် ကနဦး မတည်ငွေ ၅၀၀ ဘီလျံကျပ် ရင်းနှီးမြုပ်နှံ အကောင်အ ထည်ဖော်လျက်ရှိသည့် အဆိုပါ အမရပူရမြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းမှာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ဥက္ကဌ အဖြစ် တာဝန်ယူ ဆောက်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင်   MBCCD (Mandalay Business Capital City Development )   ကုမ္ပဏီမှာ အမရပူရဖြို့ပြဖွံ့ဖြိုးမှု အများနှင့်သက်ဆိုင်သောလီမိတက် ဖွဲ့စည်း တည်ထောင်ပြီးဖြစ်ကြောင်း သိရှိရသည်။

 အမရပူရ ဖွံ့ဖြိုးရေးစီမံကိန်းမှာ အပိုင်း ၇ ပိုင်း ပါဝင်ကာ စီမံကိန်းကာလ ၁၀ နှစ် ကြာမြင့်မည်ဖြစ်ကြောင်း  ၂၀၁၆ ခုနှစ်က ချုပ်ဆိုခဲ့သော စာချုပ်ပါအချက်အလက်များအရ သိရှိရသည် ။

Most Read

Most Recent