ဆန်စပါးအသင်းချုပ်အမည်ကို အသုံးပြုကာ  Facebook ပေ့ချ်အတု ပြုလုပ်ပြီး ငွေကြေးလိမ်လည်နေ

ဆန်စပါးအသင်းချုပ်အမည်ကို အသုံးပြုကာ  Facebook ပေ့ချ်အတု ပြုလုပ်ပြီး ငွေကြေးလိမ်လည်နေ
Published 5 July 2024

ဆန်စပါးအသင်းချုပ်အမည်ကို အသုံးပြုကာ  Facebook ပေ့ချ်အတု ပြုလုပ်ပြီး ငွေကြေးလိမ်လည်နေသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်သည်။

ဇွန် ၂၅ ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် ပေါ်ဆန်းမွှေးဆန်များအား အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချမည့်အစီအစဉ်ကို ထုတ်ပြန်သည်။

ယင်းသို့ ထုတ်ပြန်အပြီးတွင် မသမာသူများက Facebook ပေ့ချ်အတုများ ဖွင့်လှစ်ကာ ဆက်သွယ်မှာကြားရန် ဖုန်းနံပါတ်များကို ပြင်ဆင်ထုတ်ပြန်ပြီး ဆန်ဝယ်ယူရန် စုံစမ်းမှုများကို ငွေလက်ခံ လိမ်လည်နေသည်ကို လေ့လာတွေ့ရှိရသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ တရားဝင် Facebook ပေ့ချ်မှာ Followers 80 K ရှိပြီး ပေါ်ဆန်းမွှေးဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည့် အစီအစဉ်တွင် ဖော်ပြထားသည့် ဗိုက်ဘာဖုန်းနံပါတ်ကိုသာ ဆက်သွယ်ကြရန်နှင့် ငွေပေးချေရာတွင်လည်း Myanmar Rice Rederation (MRF) Incorporated အမည်ဖြင့် ဖွင့်လှစ်ထားသည့် KBZ Pay၊ AYA Pay၊ A Wallet တို့ကိုသာ ဆောင်ရွက်ပေးကြရန် အသိပေးအပ်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။

Facebook ပေ့ချ်အတုဖြင့် လိမ်ညာထုတ်ပြန်ထားရှိမှုများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုအပ်ချက်၊ အကြံပြုချက်၊ မေးမြန်းရန်အချက်များရှိပါက အသင်းချုပ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဆန်စပါးအသင်းချုပ်က နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဇူလိုင် ၁ ရက်မှ စတင်ပြီး ပေါ်ဆန်းမွှေးဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်သည်။ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ်လျှင် ၁၅၂၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၂၄ ပြည်တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၅ ပြည်ခန့်တစ်အိတ်လျှင် ၂၆၅၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent