မြန်မာနိုင်ငံရှိ စီမံကိန်းများကို လုံခြုံစိတ်ချရမှုရှိစေရေး ကာကွယ်ပေးရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးအား အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံရှိ စီမံကိန်းများကို လုံခြုံစိတ်ချရမှုရှိစေရေး ကာကွယ်ပေးရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးအား အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 27 June 2024

မြန်မာနိုင်ငံရှိ စီမံကိန်းများကို လုံခြုံစိတ်ချရမှု ရှိစေရေး ကာကွယ်ပေးရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးအား ပြောကြားခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဒေါက်တာ အက်ဂျေ ဂျန်ကာက လူမှုကွန်ရက်စာမျက်နှာ X တွင်ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေမှာ အီရန်နိုင်ငံ တီဟီရန်မြို့တွင် ကျင်းပခဲ့သည့် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲမှအပြန် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်စဉ် နယူးဒေလီမြို့၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့သည့်အကြောင်းကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက လူမှုကွန်ရက်စာမျက်နှာ X တွင်ရေးသားဖော်ပြထားသည်။



မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စောစောပြန်လည်ရောက်ရှိရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ပြီး အိန္ဒိယအနေဖြင့် မည်သည့်နည်းနှင့်မဆို ကူညီရန်အသင့်ရှိ ကြောင်း၊ မြန်မာနိုင်ငံရှိ အိန္ဒိယနိုင်ငံ၏ စီးပွားရေးစီမံကိန်းများအတွက် ယုံကြည်စိတ်ချရသော လုံခြုံရေးအကာအကွယ်များပေးရန်လည်း တောင်းဆိုခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။



ထို့ပြင် မြဝတီမြို့တွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသားများအတွက်လည်း နေရပ်သို့ ပြန်လည်ရောက်ရှိရေး ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မတည်ငြိမ်မှုများ၏ သက်ရောက်မှုအပေါ် အိန္ဒိယအနေဖြင့် စိုးရိမ်ပူပန်ကြောင်း၊ ယင်းအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာတွင် သက်ဆိုင်သူအားလုံးကို ထိတွေ့ဆက်ဆံရန် လမ်းဖွင့်ပေးထားသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ရေးသားထားသည်။



မြန်မာနိုင်ငံတွင် ကုလားတန်စီမံကိန်းကို အိန္ဒိယနိုင်ငံက ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ရင်းနှီးမြုပ်နှံထားပြီး ယင်းစီမံကိန်းမှာ မပြီးမြောက်သေးပေ။

ထို့ပြင် မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံက လုပ်ငန်း ၃၈ ခုတွင် အမေရိကန်ဒေါ်လာ ၇၇၆ ဒသမ ၇၇ သန်း ရင်းနှီးမြှုပ်နှံထားပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ သုည ဒသမ ၈၃ ရာခိုင်နှုန်း ရှိကြောင်း DICA စာရင်းများအရ သိရသည်။

Most Read

Most Recent