ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် ဓားဒဏ်ရာအများအပြားဖြင့် သေဆုံးနေသည့် အိမ်ခြံမြေပွဲစား အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိ

ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် ဓားဒဏ်ရာအများအပြားဖြင့် သေဆုံးနေသည့် အိမ်ခြံမြေပွဲစား အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိ
Photo: CJ
Photo: CJ
Published 14 June 2024

ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် ဓားဒဏ်ရာအများအပြားဖြင့် သေဆုံးနေသည့် အိမ်ခြံမြေပွဲစား အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိခဲ့ကြောင်း ပြင်ဦးလွင်ဒေသခံများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်းပေါ်တွင်ဇွန် ၁၀ ရက် နံနက် ၈ နာရီခွဲကျော်က အဆိုပါအမျိုးသမီး၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြင်ဦးလွင်မြို့ရှိ လူမှုကူညီရေးအသင်းများနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“အဲဒီနေ့က ကျွန်တော်တို့အသင်းက မသွားရဘူး။ ဒါကြောင့် ဖြစ်စဉ်ကိုတော့ သေချာမသိရဘူး။ ဒီနေ့မနက်(ဇွန် ၁၃ ရက်)တော့ အိမ်ခြံမြေဝယ်ရောင်းပွဲစားတွေနဲ့ လက်ဖက်ရည်ဆိုင်မှာဆုံဖြစ်တော့ ဘယ်လိုဖြစ်တာလဲဆိုပြီး တီးခေါက်ကြည့်​​ဖြစ်သေးတယ်။ သူတို့ ပြောတာကမေမြို့မြေလောကက အရှုပ်ကြီးတဲ့”ဟု လူမှုကူညီရေးလုပ်ကိုင်သူမြို့ခံတစ်ဦးက ပြောကြားသည်။

သေဆုံးသူ အမျိုးသမီးအား ၎င်း၏ကားပေါ်တွင် ဓားဒဏ်ရာ ၁၃ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ၎င်းမှာဒေသခံအိမ်ခြံ မြေလောကမှမဟုတ်ကြောင်း ပြင်ဦးလွင်မြို့ခံအချို့ထံမှ သိရသည်။

“ ခုမေမြို့မြေလောကမှာက မုံရွာတို့ မန္တလေးတို့ဘက်က ပွဲစားတွေ ​အခြေချလာကြတာ အများကြီး။ ခုဖြစ်သွားတဲ့ အမျိုးသမီးကမြို့ခံမဟုတ်ဘူး။ ခုကိစ္စကလည်း သိန်းသောင်းကြီးပိုင်းအရောင်းအဝယ်တစ်ခုကို ကျော်ခွသွားလို့ဆိုတာမျိုး ကြားရတယ်။ ဘာကြောင့်ဆိုတာတော့ သေချာဂဃနဏ မသိရဘူးပေါ့။ ဖမ်းမိတာလည်း မကြားရသေးဘူး ” ဟု မေမြို့မြို့ခံတစ်ဦးက ပြောကြားသည်။

သေဆုံးသူအမျိုးသမီးတွင် သားနှင့်သမီးနှစ်ဦး ကျန်ရစ်ခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်တွင်ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများနှင့် ငွေကြေးများကို ကျူးလွန်သူများက ယူဆောင်သွားခြင်းမရှိကြောင်း မီဒီယာအချို့တွင် ဖော်ပြ ထားသည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent