၂၀၂၄  FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲ ချန်ပီယံဆုအဆုံးအဖြတ်အဖြစ်  ရှမ်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဗိုလ်စွဲသည့်အသင်းအား ဆုကြေးငွေ ကျပ်သိန်း ၅၀ ချီးမြှင့်မည်

၂၀၂၄  FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲ ချန်ပီယံဆုအဆုံးအဖြတ်အဖြစ်  ရှမ်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဗိုလ်စွဲသည့်အသင်းအား ဆုကြေးငွေ ကျပ်သိန်း ၅၀ ချီးမြှင့်မည်
Photo: RUFC
Photo: RUFC
Published 8 July 2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့ ပူပေါင်း၍ ၂၀၂၄  FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲကို ကျင်းပပြုလုပ်နေလျက်ရှိပြီး  ချန်ပီယံဆုအဆုံးအဖြတ်အဖြစ်  ရှမ်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ဗိုလ်စွဲသည့်အသင်းအား ဆုကြေးငွေ ကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ် (၂၂)ကို ဇူလိုင် (၅၊ ၆၊ ၇) ရက်တွင် ကျင်းပရန်စီစဉ်ထားခဲ့သော်လည်း ပထမ၊ ဒုတိယ၊ တတိယဆုများအတွက် အကျုံးဝင်နေသည့် ဇူလိုင် (၇) ရက်တွင် ကစားမည့် (၂)ပွဲကို ဇူလိုင် (၁၀) ရက်သို့ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။ MFF သည် တတိယဆုရရန် သေချာနေသည့် နေပြည်တော်ယူနိုက်တက်အသင်းနှင့် ရွိုင်ရယ်ရန်ကုန် ကစားမည့်ပွဲကို ဇူလိုင်(၁၀) ရက်၊ နံနက် (၇) နာရီခွဲတွင် သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)၌ လည်းကောင်း၊ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် ရှမ်းအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းပွဲကို ယင်းနေ့ ညနေ (၄) နာရီတွင် သုဝဏ္ဏကွင်း၌လည်းကောင်း ကျင်းပမည်ဖြစ်သည်။

ချန်ပီယံဆုအဆုံးအဖြတ်အဖြစ်  ယှဉ်ပြိုင်ကစားမည့်  ရှမ်းအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို တစ်ဆက်တည်း ကျင်းပမည်ဖြစ်ပြီး ဗိုလ်စွဲသည့်အသင်းအား ချန်ပီယံဆုဖလားနှင့် ဆုကြေးငွေ ကျပ်သိန်း (၅၀)၊ ဒုတိယရအသင်းအား ဆုကြေးငွေ ကျပ်သိန်း(၃၀)၊ တတိယရအသင်းအား ဆုကြေးငွေ ကျပ်သိန်း(၂၀)၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုအတွက် ကျပ်(၅) သိန်း၊ ဂိုးသွင်းအများဆုံးကစားသမားဆုအတွက် ကျပ်(၅) သိန်းတို့ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ချန်ပီယံဆုအဆုံးအဖြတ်အဖြစ်  ယှဉ်ပြိုင်ကစားမည့် ရှမ်းအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းသည် ပထမအကျော့တွေ့ဆုံခဲ့စဉ်က(၂-၂) ဂိုးဖြင့် သရေကျထားသည်။

ပွဲစဉ်(၂၁) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက ရမှတ်(၅၄)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး ရှမ်းအသင်းက ရမှတ်(၅၃)မှတ်ဖြင့် ဒုတိယ၊ နေပြည်တော်ယူနိုက်တက်အသင်းက ရမှတ်(၄၇) မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

ထို့ကြောင့် ဗိုလ်လုပွဲတွင် ရခိုင်ယူနိုက်တက်အသင်းသည် ရှမ်းအသင်းကို သရေကစားရုံဖြင့် ချန်ပီယံဆုရရှိမည်ဖြစ်သည်။ 

Most Read

Most Recent