ချယ်လ်ဆီးအသင်းနှင့် ၂၀၃၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့သည့် ပါလ်မာအား မန်ယူနှင့် အာဆင်နယ်ပရိသတ်များ လှောင်ပြောင်

ချယ်လ်ဆီးအသင်းနှင့် ၂၀၃၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့သည့် ပါလ်မာအား မန်ယူနှင့် အာဆင်နယ်ပရိသတ်များ လှောင်ပြောင်
Photo : Chelsea Twitter
Photo : Chelsea Twitter
Published 15 August 2024

မန်ယူနှင့် အာဆင်နယ်အသင်း ပရိသတ်များသည် ချယ်လ်ဆီးအသင်းနှင့် ၂၀၃၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့သည့် အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ပါလ်မာအား လူမှုကွန်ရက်တွင် လှောင်ပြောင်ခဲ့ကြကြောင်း သိရှိရသည်။

ပါလ်မာ (၂၂ နှစ်)သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီကမှ မန်စီးတီးအသင်းမှ ချယ်လ်ဆီးအသင်းထံသို့ Add-ons ကြေးအပါအဝင် ပေါင် (၄၂.၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၄၅) ပွဲတွင် (၂၅)ဂိုးထိ သွင်းယူပေးနိုင်ခဲ့သည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် အသင်းနှင့် ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ပါလ်မာကို နောက်ထပ် (၂)နှစ်သက်တမ်း  တိုးခဲ့ရာ ၎င်း၏စာချုပ်သက်တမ်းမှာ ၂၀၃၃ ခုနှစ်အထိ ဖြစ်သွားခဲ့သည်။

ပါလ်မာ၏စာချုပ်မှာ နှစ်ရှည်လွန်းသည့်အတွက် မန်ယူနှင့်အာဆင်နယ် ပရိသတ်များက ၎င်းကို လူမှုကွန်ရက်တွင် လှောင်ပြောင်ခဲ့ခြင်းဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့သည်။

မန်ယူပရိသတ်တစ်ဦးဖြစ်သည့် @ EriksButer က "ထောင်ဒဏ် (၉) နှစ်"ဟု ရေးသားခဲ့ပြီး အာဆင်နယ်ပရိသတ် @SemperFiArsenal က "ဘာပဲဖြစ်ဖြစ် နောက်(၂)နှစ်လောက်ဆိုရင် အာဆင်နယ်ကို သူလာမှာပဲ။ ချယ်လ်ဆီးရဲ့အကောင်းဆုံးကစားသမားတွေက အဲဒီလိုပဲလေ။ ဟာဗက်ဇ်လိုပေါ့"ဟု ရေးသားခဲ့သည်။ @ Clini-calkai ကမူ ပါလ်မာအား ဝေဖန်ခဲ့ပြီး "တစ်ရာသီပဲ ကောင်းတာပါ"ဟု X တွင် ရေးသားခဲ့သည်။