■ ပြင်သစ်အသင်းတွင် ကမ္ဘာ့အကောင်းဆုံးကစားသမားအချို့ ရှိနေသော်လည်း မိမိတို့လည်း ၎င်းတို့နှင့် အဆင့်တူအနေအထားတွင်ရှိသည်ဟု ယုံကြည်ကြောင်း ဒယ်လာဖွန်တေ ဆို

■ ပြင်သစ်အသင်းတွင် ကမ္ဘာ့အကောင်းဆုံးကစားသမားအချို့ ရှိနေသော်လည်း မိမိတို့လည်း ၎င်းတို့နှင့် အဆင့်တူအနေအထားတွင်ရှိသည်ဟု ယုံကြည်ကြောင်း ဒယ်လာဖွန်တေ ဆို
Photo: Spain Team
Photo: Spain Team
Published 9 July 2024

စပိန်နည်းပြ ဒယ်လာဖွန်တေက ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်တွင် ရင်ဆိုင်ရမည့် ပြင်သစ်အသင်း၌ ကမ္ဘာ့အကောင်းဆုံးကစားသမားအချို့ ရှိနေသော်လည်း မိမိတို့လည်း ၎င်းတို့နှင့် အဆင့်တူအနေအထားတွင်ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

စပိန်နှင့် ပြင်သစ်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် အင်္ဂါနေ့(ယနေ့) ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲအကြိုပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒယ်လာဖွန်တေက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

'' ဒီပွဲက ကြီးကျယ်ခမ်းနားတဲ့ပွဲ ဖြစ်လာဖို့  မျှော်လင့်ပါတယ်။ ပြင်သစ်အသင်းမှာ တစ်ဦးချင်းစွမ်းရည်ကောင်းမွန်တဲ့ ကစားသမားတွေ ရှိနေပြီး တချို့က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့လည်း သူတို့နဲ့ အဆင့်တူအနေအထားမှာရှိတယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ''ရှေ့မှာ ဘယ်လိုပဲဖြတ်သန်းခဲ့ပါစေ၊ လာမယ့်ပွဲက လုံးဝကွဲပြားခြားနားတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ သူတို့မှာ ဂိုးတွေ မကြာခဏသွင်းယူလေ့ရှိတဲ့ ကစားသမားတွေ အပြည့်ပါပဲ။ လာမယ့်ပွဲမှာ သူတို့ အဲဒီလို လုပ်ဆောင်သွားနိုင်မှာမျိုး မဖြစ်စေချင်ပါဘူး''ဟု ပြောကြားခဲ့သည်။

ပြင်သစ်အသင်းသည် ဘာပေအပါအဝင် နာမည်ကျော်တိုက်စစ်မှူးများ ရှိနေသော်လည်း ပြီးခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်အထိ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ခံစစ်ပိုင်းမှာမူ ရှုံးထွက်နှစ်ပွဲဆက် ဂိုးမပေးခဲ့ရပေ။

ယင်းအခြေအနေအတွက် ပြင်သစ်နည်းပြ ဒေးရွှမ့်က တိုက်စစ်ပိုင်းမှာ လိုအပ်ချက်ရှိနေကြောင်း ဝန်ခံပြောကြားခဲ့သည်။

''ခံစစ်ပိုင်းမာကျောမှုက ပြိုင်ပွဲကြီးတွေမှာ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ အဲဒါက မလုံလောက်ပါဘူး။ တိုက်စစ်ပိုင်းကို ထိရောက်မှုရှိအောင် ကျွန်တော်တို့ လုပ်ဆောင်ရမှာပါ''ဟု ဒေးရွှမ့်က ပြောကြားခဲ့သည်။

ဒေးရွှမ့်က ကစားသမားများ၏ ကြံ့ခိုင်မှုအခြေအနေမှာ အလွန်ကောင်းမွန်နေကြောင်းနှင့် မိမိတို့၏ရည်မှန်းချက်မှာ နောက်ထပ်ဗိုလ်လုပွဲတစ်ပွဲ ဆင်နွှဲနိုင်ရေးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယူရိုပြိုင်ပွဲတွင် စပိန်အသင်းက အောင်မြင်မှု ပိုမိုရရှိထားသော်လည်း ပြင်သစ်အသင်းသည် ယူရို-၂၀၁၆ ပြိုင်ပွဲ၌ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သလို၊ ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင်လည်း ဗိုလ်လုပွဲ  တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားတွင် ချန်ပီယံဆု ရရှိခဲ့သည်။

Most Read

Most Recent