အင်္ဂလန်လူငယ်နောက်ခံလူ ဘရန့်ဝိတ်အတွက် မန်ယူအသင်း၏ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို အဲဗာတန်အသင်း ပယ်ချ

အင်္ဂလန်လူငယ်နောက်ခံလူ ဘရန့်ဝိတ်အတွက် မန်ယူအသင်း၏ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို အဲဗာတန်အသင်း ပယ်ချ
Photo: Opta Analyst
Photo: Opta Analyst
Published 10 July 2024

 

မန်ယူအသင်းသည် အင်္ဂလန်လူငယ်နောက်ခံလူ ဘရန့်ဝိတ်အတွက် ဒုတိယအကြိမ်မြောက် ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်အသင်းက ပယ်ချခဲ့ကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် ပြီးခဲ့သည့်လက ဘရန့်ဝိတ်အား ပေါင် ၃၅ သန်းဖြင့် စတင် ကမ်းလှမ်းခဲ့သော်လည်း ငြင်းဆန်ခဲ့ရသဖြင့် ပေါင် ၄၅ သန်း+Add-ons ကြေး ပေါင် ငါးသန်းဖြင့် ထပ်မံကမ်းလှမ်းမှုကိုလည်း အဲဗာတန်အသင်းက ချက်ချင်းပယ်ချခဲ့ခြင်းဖြစ်သည်။ အဲဗာတန်အသင်းသည် အသက် ၂၂ နှစ်သာရှိသေးသူ ဘရန့်ဝိတ်အား ထိပ်တန်းနောက်ခံလူတစ်ဦးအဖြစ် ရှုမြင်ထားပြီး ပြောင်းရွှေ့ကြေးကို ပေါင် ၆၅ သန်းနှင့် သန်း ၇၀ အကြားရရှိမှ လက်လွှတ်ဖွယ်ရှိနေသည်။ 

ချယ်လ်ဆီးနောက်ခံလူ ဖိုဖာနာနှင့် မန်စီးတီးနောက်ခံလူ ဂီဗာဒီယိုလ်၏ ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ပမာဏအတိုင်း အဲဗာတန်အသင်းက အလိုရှိနေခြင်းဖြစ်သည်။ မန်ယူအသင်းသည် ဘရန့်ဝိတ်ကို ခေါ်ယူနိုင်လျှင် တစ်ပတ် ပေါင် ၁၆၀၀၀၀ ပေးရန် ပြင်ဆင်ထားကြောင်း သိရသည်။  

မန်ယူအသင်းသည် အခြားနောက်ခံအတွင်းလူအဖြစ် ဘိုင်ယန်အသင်းက နယ်သာလန် လက်ရွေးစင်နောက်ခံလူ ဒီလစ်နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ မန်ယူ အနေဖြင့် ဒီလစ်နှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုများ ရရှိထားပြီးဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဘိုင်ယန်အသင်းက ဒီလစ်၏ ပြောင်းရွှေ့ကြေးအတွက် ပေါင် ၄၃ သန်း ဝန်းကျင် အလိုရှိနေကြောင်း သိရသည်။

မန်ယူအသင်းသည် PSG အသင်းမှ ဥရုဂွေးကွင်းလယ်ကစားသမား အူဂါတေနှင့် ဘိုလော့ဂ်နာအသင်းမှ နယ်သာလန်တိုက်စစ်ကစားသမား ဇစ်ဇီးတို့အား ကြိုးပမ်းလျက်ရှိသည်။ မန်ယူအသင်းအနေဖြင့် ဇစ်ဇီးအား စာချုပ်လျော်ကြေး ပေါင် ၃၄ သန်းဖြင့် ခေါ်ယူ သွားရန် အသင့်ရှိနေပြီး ကစားသမားဘက်မှလည်း မန်ယူအသင်းနှင့် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ 

ထို့ပြင် ကက်စီမီရိုနေရာ အစားထိုး ရန်အတွက် ဥရုဂွေးလူငယ်ကွင်းလယ်လူ အူဂါတေအား ပေါင် ၃၈ သန်းဖြင့် ကမ်းလှမ်းဖွယ်ရှိသည်။ သို့သော် PSG အသင်းအနေ ဖြင့် အူဂါတေ၏ပြောင်းရွှေ့ကြေးအတွက် ပေါင် သန်း ၅၀ အထိ အလိုရှိနေကြောင်း သိရသည်။ မန်ယူအသင်းသည် ယင်းကစားသမား လေးဦးစလုံး ခေါ်ယူနိုင်ခဲ့လျှင် အပြောင်းအရွှေ့ အသုံးစရိတ်မှာ ပေါင် ၁၆၅ သန်းအထက် ရှိလာမည်ဖြစ်သည်။

Most Read

Most Recent