ဆန်ချိုနှင့် မပြေလည်မှုများကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး ၎င်းသည် ကစားသမားကောင်းတစ်ဦးဖြစ်ကြောင်း မန်ယူနည်းပြ တန်ဟက်ဂ် ပြောကြား

ဆန်ချိုနှင့် မပြေလည်မှုများကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး ၎င်းသည် ကစားသမားကောင်းတစ်ဦးဖြစ်ကြောင်း မန်ယူနည်းပြ တန်ဟက်ဂ် ပြောကြား
Photo : Getty Images
Photo : Getty Images
Published 18 July 2024

မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းတောင်ပံကစားသမား ဆန်ချိုနှင့် ၎င်းတို့အကြား မပြေလည်မှုများကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး ဆန်ချိုသည် မန်ယူအသင်း လိုအပ်နေသည့် ကစားသမားကောင်းတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၄) နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမားဆန်ချိုသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက မန်ယူအသင်းတွင် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်ပြီးနောက် အသင်းနှင့်လေ့ကျင့်ခွင့်ပါ ပိတ်ပင်ခံခဲ့ရသူဖြစ်သည်။

တန်ဟက်ဂ်သည် ဆန်ချို၏ လေ့ကျင့်ရေးကွင်းမှ ခြေစွမ်းမှာ ပွဲကစားနိုင်သည့် အရည်အသွေးမရှိကြောင်း ဝေဖန်ခဲ့ပြီး ဆန်ချိုက တန်ဟက်ဂ်သည် ၎င်း၏စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး လိမ်ညာနေကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မန်ယူအသင်းက ဆန်ချိုအား တန်ဟက်ဂ်ကို တောင်းပန်ရန်ညွှန်ကြားခဲ့သော်လည်း ကစားသမားဘက်က ငြင်းဆန်ခဲ့ရာ ပထမအသင်းမှ ချန်လှပ်ခံခဲ့ရသည်။

ယင်းနောက် ဆန်ချိုသည် ၂၀၂၄ ဇန်နဝါရီတွင် အသင်းဟောင်း ဒေါ့မွန်ထံ ရာသီဝက်အငှားဖြင့် သွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည်။ ဆန်ချိုသည် လက်ရှိတွင် မန်ယူအသင်းနှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်နေပြီး ၎င်းတို့အကြားမှာ မပြေလည်မှုများကို မြေမြှုပ်လိုက်ပြီဖြစ်ကြောင်း တန်ဟက်ဂ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

တန်ဟက်ဂ်က "ကျွန်တော်တို့ ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့အကြား မပြေလည်မှုတွေကို အဆုံးသတ်လိုက်ပါပြီ။ မန်ယူအသင်းက ကစားသမားကောင်းတွေကို လိုအပ်ပြီး ဆန်ချိုက ကစားသမားကောင်း တစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ပြဿနာတွေကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး ရှေ့ဆက်ကြမှာပါ"ဟု ပြောကြားခဲ့သည်။

ဆန်ချိုသည် မန်ယူအသင်းနှင့် ရာသီကြိုလေ့ကျင့်မှုများ ပြုလုပ်နေသော်လည်း ရိုစင်ဘော့ဂ်အသင်းအား (ဝ-၁) ဂိုးဖြင့် ရှုံးနိမ့်သည့် ရာသီကြိုခြေစမ်းပွဲတွင် ပါဝင်ခဲ့ခြင်မရှိကြောင်း သိရသည်။ ဆန်ချိုအနေဖြင့် ဇူလိုင် (၂၀) ရက်တွင် ကစားမည့် ရိန်းဂျားစ်အသင်းနှင့် ခြေစမ်းပွဲတွင် ပါဝင်ကစားဖွယ်ရှိကြောင်း သိရှိရသည်။

Most Read

Most Recent