အေစီမီလန်တွင် မိမိ၏  အကောင်းဆုံးပုံစံကို မြင်တွေ့ရမည်ဟု စပိန်အသင်းခေါင်းဆောင်တိုက်စစ်မှူး မိုရာတာ ကြုံးဝါး

အေစီမီလန်တွင် မိမိ၏  အကောင်းဆုံးပုံစံကို မြင်တွေ့ရမည်ဟု စပိန်အသင်းခေါင်းဆောင်တိုက်စစ်မှူး မိုရာတာ ကြုံးဝါး
Photo : Getty Images
Photo : Getty Images
Published 18 July 2024

အက်သလက်တီကိုအသင်းမှ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည့် စပိန်အသင်းခေါင်းဆောင်တိုက်စစ်မှူး မိုရာတာသည် မီလန်မြေတွင် ၎င်း၏အကောင်းဆုံးပုံစံတစ်ခုကို မြင်တွေ့ရလိမ့်မည်ဟု ကြုံးဝါးခဲ့သည်။

ယူရို-၂၀၂၄ ချန်ပီယံဆုကိုရရှိခဲ့သည့် စပိန်အသင်းခေါင်းဆောင်မိုရာတာသည် လက်ရှိအချိန်တွင် အားလပ်ရက်ခရီးထွက်ရန် ပြင်ဆင်နေပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှ အေစီမီလန်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုမည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

ထို့ပြင် ၎င်းအနေဖြင့် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အေစီမီလန်ဒါရိုက်တာ အီဘရာဟီမိုဗစ်၏ သက်ရောက်မှုများစွာရှိခဲ့ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

မိုရာတာက "ဒီအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အကြောင်းပြချက်က ရိုးရှင်းပါတယ်။ ဇလက်တန်(အီဘရာဟီမိုဗစ်)က ကျွန်တော့်ကို ယုံကြည်မှုပေးတယ်။ သူ့ရဲ့ သက်ရောက်မှုက ကျွန်တော့် ဆုံးဖြတ်ချက်အတွက် အရေးပါခဲ့ပါတယ်။ အသင်းနဲ့ ပူးပေါင်းဖို့ မစောင့်နိုင်တော့ပါဘူး။ လက်ရှိအချိန်မှာတော့ မိသားစုနဲ့အတူ အားလပ်ရက်ကို ပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ အီတလီက လူတွေက ကျွန်တော့်အပေါ် အမြဲတမ်းလေးစားမှုရှိကြတယ်။ စီးရီးအေမှာ နောက်တစ်ကြိမ်ပြန်ကစားဖို့ စိတ်အားထက်သန်နေပါတယ်။ ကျွန်တော့် ကစားသမားဘဝရဲ့ အကောင်းဆုံးရာသီတွေကို စီးရီးအေ (ဂျူဗင်တပ်စ်)မှာ ပိုင်ဆိုင်ခဲ့ပါတယ်။ အေစီမီလန်နဲ့အတူ အဲဒီလို အောင်မြင်မှုတွေကို ပြန်လိုချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

မိုရာတာသည် အီတလီစီးရီးအေတွင် ဂျူဗင်တပ်စ်အသင်းနှင့် (၂)ကြိမ်တိုင်တိုင် (၄)ရာသီအထိ ဖြတ်သန်းခဲ့ပြီး စီးရီးအေချန်ပီယံ (၂)ကြိမ်၊ ကိုပါအီတာလီယာဖလား (၃)ကြိမ် ရယူနိုင်ခဲ့သည်။

ထို့ပြင် ၂၀၁၄-၁၅ ရာသီတွင် ဂျူဗင်တပ်စ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်နိုင်သည်အထိ မိုရာတာ ပုံစံကောင်းပြနိုင်ခဲ့သည်။

မိုရာတာသည် ပရိုကစာသမားဘဝတွင် ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ အက်သလက်တီကိုအသင်းများတွင် ကစားခဲ့ပြီး အက်သလက်တီကိုအသင်းမှ ၎င်းကစားခွင့်ရမည့် (၅)သင်းမြောက်အသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

အက်သလက်တီကိုအသင်းတွင် နံပါတ်(၉)ဝတ်ဆင်မည်လားဟု မီဒီယာများ၏ မေးမြန်းမှုအပေါ်  "ကျွန်တော်သေချာ မသိသေးပါဘူး။ အေစီမီလန်အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှ ဆွေးနွေးရမှာပါ"ဟု မိုရာတာက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent