ရှမ်းယူနိုက်တက်အသင်း ဇွန် ၂၄ ရက်တွင် ပြန်လည်လေ့ကျင့်ပြီး MNL အဖွင့်ပွဲမတိုင်မီ တောင်ကြီးမြို့သို့ တစ်ပတ်ဝန်းကျင် ကြိုတင်သွားရောက်မည်

ရှမ်းယူနိုက်တက်အသင်း ဇွန် ၂၄ ရက်တွင် ပြန်လည်လေ့ကျင့်ပြီး MNL အဖွင့်ပွဲမတိုင်မီ တောင်ကြီးမြို့သို့ တစ်ပတ်ဝန်းကျင် ကြိုတင်သွားရောက်မည်
Photo: EMG
Photo: EMG
Published 26 June 2024

 

ရှမ်းယူနိုက်တက်အသင်းသည် လာမည့် MNL အမှတ်ပေးပြိုင်ပွဲတွင် ဇွန် ၂၄ ရက်တွင် ပြန်လည်လေ့ကျင့်လျက်ရှိပြီး MNL ပြိုင်ပွဲ အဖွင့်ပွဲမတိုင်မီ တောင်ကြီးမြို့သို့ တစ်ပတ်ဝန်းကျင် ကြိုတင်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၄ MNL League Cup ပြိုင်ပွဲ ဗိုလ်လုပွဲအပြီး  တွင် လေးရက်ကြာလေ့ကျင့်မှုရပ်နားပြီး MNL အမှတ်ပေးပြိုင်ပွဲအတွက် ပြန်လည် ပြင်ဆင်နေခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းသည် လာမည့်ရာသီ MNL အမှတ် ပေးပြိုင်ပွဲတွင် အိမ်ကွင်းပွဲများ ပြန်လည်လက် ခံကျင်းပမည်ဖြစ်ပြီး ရာသီအစ နှစ်ပွဲဆက်တိုက် အိမ်ကွင်းပွဲများ ကစားရမည်ဖြစ်သည်။ 

ရှမ်းယူနိုက်တက်အသင်းသည် ဇူလိုင် ၇ ရက် တွင် မြဝတီအသင်း၊ ဇူလိုင် ၁၁ ရက်တွင် ဒဂုံ စတားယူနိုက်တက်အသင်းတို့နှင့် အိမ်ကွင်းပွဲများ ကစားရမည်ဖြစ်သည်။ ထို့ကြောင့် ရှမ်းယူနိုက်တက်အသင်းသည် ယခုလနောက်ဆုံးပတ်တွင် တောင်ကြီးမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ကစားသမားအားလုံး ခေါ်ဆောင်သွားမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ရန်ကုန်မြို့၌ ရက်ပိုင်းလေ့ကျင့်ပြီးနောက် တောင်ကြီးမြို့သို့ ထွက်ခွာရန် စီစဉ်ထားခြင်း ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီ ပထမဆုံးပြိုင်ပွဲဖြစ်သည့် ၂၀၂၄ MNL League Cup ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူး ရရှိပြီးနောက် လာမည့် MNL အမှတ်ပေး ပြိုင်ပွဲတွင် ချန်ပီယံဆုကာကွယ်နိုင်ရန် ရေပန်း အစားဆုံးဖြစ်လာသည်။ ရှမ်းယူနိုက်တက် အသင်းသည် MNL အမှတ်ပေးချန်ပီယံဆု ကို နောက်ဆုံး လေးရာသီဆက်တိုက် ရယူထားနိုင်ပြီး လာမည့်ရာသီတွင် ဗိုလ်စွဲပါက ပထမဆုံးအကြိမ် ငါးရာသီဆက်တိုက် ဗိုလ်စွဲသည့်အသင်းဖြစ်လာမည်ဖြစ်သလို ချန်ပီယံဆု ခြောက်ကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်း ဖြစ်လာမည်ဖြစ်သည်။ 

ရာသီကြိုပြင်ဆင်မှုများ၊ ကစားသမားပိုင်ဆိုင်မှုများကြောင့် လာမည့်ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ချန် ပီယံဆုရယူနိုင်ရန် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့သာ ရေပန်းအစားဆုံးဖြစ်နေသည်။ ကျင်းပပြီးစီးခဲ့သည့် MNL ပြိုင်ပွဲ ၁၄ ကြိမ်တွင် ရတနာပုံ၊ ရန်ကုန် နှင့် ရှမ်းအသင်းသာ ဗိုလ်စွဲထားသည်။