လီဗာပူးလ်အသင်းနည်းပြအလုပ်သည် လျစ်လျူရှုရန်ခက်ခဲသည့်အရာဖြစ်သည်ဟု နည်းပြသစ် အာနယ်ဆလော့ ပြောကြား

လီဗာပူးလ်အသင်းနည်းပြအလုပ်သည် လျစ်လျူရှုရန်ခက်ခဲသည့်အရာဖြစ်သည်ဟု နည်းပြသစ် အာနယ်ဆလော့ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 22 May 2024

 

လီဗာပူးလ်အသင်းက နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပြီးနောက် နည်းပြသစ်ဖြစ်လာသည့် အာနယ်ဆလော့က လီဗာပူးလ်အသင်းနည်းပြအလုပ်မှာ လျစ်လျူရှုရန်ခက်ခဲသည့်အရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ဖီယင်နုအသင်းမှ ဒတ်ချ်လူမျိုးနည်းပြ အာနယ်ဆလော့ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း မေ ၂၀ ရက်က အတည်ပြုကြေညာခဲ့သည်။ လီဗာပူးလ်အသင်းအနေဖြင့် အာနယ်ဆလော့ (၄၅ နှစ်) နှင့် သူ၏နည်းပြအဖွဲ့အ တွက် ဖီယင်နုအသင်းထံ လျော်ကြေး ပေါင် ၉ ဒသမ ၄ သန်း ပေးချေခဲ့ရကြောင်း BBC Sport က ဖော်ပြခဲ့သည်။ 

အာနယ်ဆလော့ သည် ဘောလုံးလောက၌ ထင်ရှားမှုသိပ်မရှိ သေးသည့် နည်းပြဖြစ်သော်လည်း လက်ရှိ နည်းပြ ယာဂန်ကလော့ပ်က အောင်မြင်မှုရရှိ လာမည့်နည်းပြဟု မှတ်ချက်ပေးထားသလို၊ ၎င်း၏ ဖျော်ဖြေမှုပေးနိုင်သည့် ကစားဟန်နှင့် လူငယ်ကစားသမားများအား မြေတောင် မြှောက်ပေးနိုင်သည့် စွမ်းဆောင်ရည်တို့ကြောင့် လီဗာပူးလ်အသင်းက ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။   

"ခင်ဗျားရဲ့နောက်မှာ အံ့အားသင့်စရာကောင်းတဲ့ အခါသမယနဲ့  အံ့အားသင့်စရာလူတွေနဲ့အတူ အောင်မြင်မှုရဖို့ အတူလုပ်ဆောင်ခဲ့တဲ့အရာတွေကို တွေ့ကြုံခံစားဖူးတဲ့ ကလပ်အသင်းတစ်သင်းနဲ့ တံခါးပိတ်ဖို့ ဆုံးဖြတ်ချက်ဟာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အားကစားလူသားတစ်ယောက်အနေနဲ့ ပရီးမီးယားလိဂ်နဲ့ ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲက တစ်သင်းမှာ နည်းပြချုပ်ဖြစ်လာမယ့် အခွင့်အရေးကိုတော့ လျစ်လျူရှုဖို့ခက်ပါတယ်" ဟု အာနယ်ဆလော့က ပြောကြားခဲ့သည်။ 

ကွင်းလယ်လူတစ်ဦးဖြစ်ခဲ့သည့် အာနယ်ဆလော့အနေဖြင့် ကစားသမားဘဝတစ်ခုလုံး နယ်သာလန်တွင်သာ ဖြတ်သန်းခဲ့သူဖြစ်သည်။ နည်းပြဘဝတွင်လည်း ကမ်ဘူအာ၊ အယ်လ်ခမာနှင့် ယခုနောက်ဆုံး ဖီယင်နုစသည့် နယ်သာလန်ကလပ်များနှင့်သာ ဖြတ်သန်းခဲ့ဖူးသည့် အတွေ့ အကြုံရှိခဲ့သည်။ အာနယ်ဆလော့သည် ဖီယင်နုအသင်းကို ၂၀၂၁ ခုနှစ် နွေရာသီက စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၂-၂၃ ဘောလုံးရာသီက ဒတ်ချ်အမှတ်ပေးချန်ပီယံဆု ရယူပေးခဲ့ကာ ယခုရာသီတွင်လည်း ဒတ်ချ်ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။

လီဗာပူးလ်အသင်းသည် ရာသီကြိုကာလတွင် ဘက်တစ်၊ အာဆင်နယ်၊ မန်ယူအသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သောကြောင့် နည်းပြသစ်အတွက် စိတ်လှုပ်ရှားစရာပွဲစဉ်ဇယား စောင့်ကြိုနေပြီဖြစ်ကြောင်း ဖော်ပြမှုများလည်း ရှိနေခဲ့သည်။

Most Read

Most Recent