■ ချက်-တူရကီပွဲတွင် အဝါကတ် (၁၆) ကြိမ်၊ အနီကတ်(၂)ကြိမ် ပြခဲ့ရပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်     

■ ချက်-တူရကီပွဲတွင် အဝါကတ် (၁၆) ကြိမ်၊ အနီကတ်(၂)ကြိမ် ပြခဲ့ရပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်     
Photo: Getty Images
Photo: Getty Images
Published 28 June 2024

ဇွန် (၂၆) ရက်က ချက်အသင်းနှင့် တူရကီအသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်တွင် အဝါကတ် (၁၆) ကြိမ်နှင့် အနီကတ်(၂)ကြိမ် ပြခဲ့ရပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်ခဲ့ကြောင်း သိရသည်။

    

အုပ်စု (F) နောက်ဆုံးပွဲဖြစ်သည့် ယင်းပွဲစဉ်၌ တူရကီအသင်းက ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင်ရရှိသည့် အနိုင်ဂိုး ကြောင့် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

(၅၁) မိနစ်တွင် ချာဟာနိုဂလူးက တူရကီအတွက် ဦးဆောင်ဂိုးစတင်သွင်းယူပြီး (၆၆) မိနစ်တွင် ဆိုချူခ်က ချက်အတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ တူရကီအသင်းအတွက် အနိုင်ဂိုးကို လူစားဝင်တိုက်စစ်မှူး တိုဆွန်က (၉၀+၄) မိနစ်တွင် သွင်းယူပေးခဲ့သည်။

    

နှစ်သင်းစလုံး ရှုံးထွက်အဆင့်တက်ရေး မျှော်လင့်ချက်ရှိနေသောကြောင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့သည်။ 

စုစုပေါင်းအဝါကတ် (၁၆) ကြိမ်အနက် တူရကီအသင်းက (၁၁) ကြိမ်နှင့် ချက်အသင်းက ခုနစ်ကြိမ်၊ အနီကတ်နှစ်ကြိမ်စလုံးကို ချက်အသင်းက ပြသခံရခြင်းဖြစ်သည်။ 

တူရကီအသင်းမှ ပွဲထွက်ကစားသမား (၁၁) ဦးအနက် ရှစ်ဦး၊ လူစားဝင်ကစားသမားနှစ်ဦးနှင့် အရန်ခုံတန်းမှ တစ်ဦး၊ ချက်အသင်းမှ ပွဲထွက်ကစားသမား သုံးဦးနှင့် အရန်ခုံတန်းမှ သုံးဦး အဝါကတ်ပြခံခဲ့ရသည်။

    

ထို့ပြင် ချက်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား အန်တိုနင်ဘာရက်မှာ နှစ်ဝါတစ်နီနှင့် လူစားဝင်တိုက်စစ်မှူး တိုမက်စ်ချိုရီမှာ တိုက်ရိုက်အနီကတ်ပြခံခဲ့ရသည်။ 

သို့ဖြစ်ရာ ယင်းပွဲမှာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အဝါကတ်နှင့် အနီကတ်စုစုပေါင်း အများဆုံးပြသရသည့်ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တူရကီအသင်းခေါင်းဆောင် ချာဟာနိုဂလူးနှင့် နောက်ခံလူ အာကေဒင်တို့မှာ အုပ်စုတွင်း၌ အဝါကတ် နှစ်ကြိမ်ပြခံရသဖြင့် ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်ကို လွဲချော်တော့မည်ဖြစ်သည်။

    

၎င်းတို့နှစ်ဦးအပါအဝင် အုပ်စုတွင်းပွဲစဉ်များ၌ အဝါကတ်နှစ်ကြိမ်ပြသခံရသဖြင့် (၁၆) သင်းအဆင့်ပွဲစဉ် လွဲချော်မည့် ကစားသမားအရေအတွက် စုစုပေါင်း (၁၀) ဦးအထိ ရှိနေပြီး လက်ရှိ တစ်ဝါထိထားသည့် ကစားသမားများမှာလည်း ကွာတားဖိုင်နယ်မပြီးမီ အဝါကတ်ထပ်မံမထိရန် လိုအပ်နေကြောင်း သိရသည်။ 

Most Read

Most Recent