ချယ်လ်ဆီးနှင့် ပိုချက်တီနို နှစ်ဦးသဘောတူ လမ်းခွဲခြင်းမှာ အသင်းပိုင်ရှင်များနှင့် အတွေးအမြင်မတူခြင်းကြောင့်ဖြစ်သည်ဟု The Telegraph ဖော်ပြ

ချယ်လ်ဆီးနှင့် ပိုချက်တီနို နှစ်ဦးသဘောတူ လမ်းခွဲခြင်းမှာ အသင်းပိုင်ရှင်များနှင့် အတွေးအမြင်မတူခြင်းကြောင့်ဖြစ်သည်ဟု The Telegraph ဖော်ပြ
Photo : Daily Mail
Photo : Daily Mail
Published 23 May 2024

ချယ်လ်ဆီးအသင်းနှင့် နည်းပြ ပိုချက်တီနိုတို့ နှစ်ဦး သဘောတူလမ်းခွဲခြင်းမှာ ၎င်းနှင့် အသင်းပိုင်ရှင်များအကြား အတွေးအမြင်မတူခြင်းကြောင့်ဖြစ်သည်ဟု ဗြိတိန်သတင်းစာ The Telegraph က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်း၏ပူးတွဲပိုင်ရှင် ဘီဒက်အက်ချ်ဘာလီ၊ အားကစားဒါရိုက်တာများဖြစ်သည့် ဝင်စတန်လေနှင့် စတီးဝပ်တို့သည် မေလ (၂၁) ရက်(အင်္ဂါနေ့)တွင် အသင်းနည်း ပြ ပိုချက်တီနိုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အမြင်မတူသဖြင့် နှစ်ဦးသဘောတူလမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပိုချက်တီနိုသည် Clearlake Captial နှင့် တော့ဒ်ဘိုလီတို့လက်ထက်တွင် ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲရသည့် တတိယမြောက် အမြဲတမ်းနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သို့သော် ပိုချက်တီနိုမှာ တူဟယ်လ်နှင့် ဂရေဟမ်ပေါ်တာတို့ကဲ့သို့ ရာထူးမှထုတ်ပယ်ခံရခြင်းမဟုတ်ဘဲ လက်ဆွဲနှုတ်ဆက်ကာ လူကြီးလူကောင်းဆန်ဆန် နှစ်ဦးသဘောတူ ငြိမ်းချမ်းစွာလမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း The Telegraph က ဖော်ပြခဲ့သည်။

The Telegraph ၏ ဖော်ပြမှုအရ ချယ်လ်ဆီးအသင်း တာဝန်ရှိသူများနှင့် ပိုချက်တီနိုသည် ကစားသမားအပြောင်း အရွှေ့ကိစ္စအတွက် သဘောတူညီမှုမရသလို၊ အသင်းတည်ဆောက်ပုံနှင့်ပတ်သက်၍လည်း အတွေးအမြင် ကွဲပြားနားသည့်အတွက် လမ်းခွဲရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် Set-piece မှ (၁၁)ဂိုးထိပေးခဲ့ရသလို၊ လိဂ်ဖလားဗိုလ်လုပွဲတွင်လည်း လီဗာပူးလ်အသင်းကို Set-piece ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ထို့ကြောင့် ချယ်လ်ဆီးတာဝန်ရှိသူများသည် Set-piece နည်းပြ ခေါ်ယူရန် တိုက်တွန်းခဲ့သော်လည်း ပိုချက်တီနိုက လက်မခံခဲ့ကြောင်း သိရသည်။ ယင်းသို့ ကွဲပြားမှုများကြောင့် နောက်ဆုံးတွင် ချယ်လ်ဆီးနှင့် ပိုချက်တီနိုတို့ လမ်းခွဲခဲ့ရခြင်းဖြစ်သည်။ ပိုချက်တီနို၏နေရာကို ဆက်ခံရန် ဘရိုက်တန်နည်းပြဟောင်း ဒီဇယ်ဘီ၊ အစ်ဝစ်ချ် နည်းပြ မက်ကင်နာ၊ ဟီရိုနာနည်းပြ မီချယ်လ်နှင့် စတုဂတ်နည်းပြ ဟိုးနက်စ်တို့ ရေပန်းစားနေကြောင်း သိရသည်။

Most Read