ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု သံသယကြောင့် စွဲချက် (၁၁၅) ချက်ဖြင့် စစ်ဆေးခံနေရသည့် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ကို ပြန်လည်တရားစွဲဆို

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု သံသယကြောင့် စွဲချက် (၁၁၅) ချက်ဖြင့် စစ်ဆေးခံနေရသည့် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ကို ပြန်လည်တရားစွဲဆို
Photo: City Xtra
Photo: City Xtra
Published 6 June 2024

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုသံသယကြောင့် စွဲချက် (၁၁၅) ချက်ဖြင့် စစ်ဆေးခံနေရသည့် ပရီးမီးယားလိဂ် (၄) နှစ်ဆက်ချန်ပီယံ မန်စီးတီးအသင်းက ယင်းစွဲချက်များအပေါ် အကူအညီဖြစ်စေရန်အတွက် ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းကို ပြန်လည်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်း၏တာဝန်ရှိသူများသည် စာမျက်နှာ  (၁၆၅) မျက်နှာပါ တရားစွဲဆိုမှုဖိုင်တွင် ၎င်းတို့အသင်းအနေဖြင့် ခွဲခြားဆက်ဆံခံရကြောင်း၊ ပြိုင်ဘက်အသင်းများက ၎င်းတို့ကို တန်းဆင်းပြစ်ဒဏ်ချမှတ်ရန် မဲပေးခြင်းမှာ ၎င်းတို့၏ ကြီးကျယ်ခမ်းနားသည့်အောင်မြင်မှုများအပေါ် မနာလို၍ဖြစ်ကြောင်း ဖော်ပြထားကြောင်း သိရသည်။

ပရီးမီးယားလိဂ်သည် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုနှင့်ပတ်သက်ပြီး မန်စီးတီးအသင်းကို (၂) ပတ်ကြာ တံခါးပိတ်ဆွေးနွေးပြီးနောက် ယင်းစွဲချက်များအတွက် ကြားနာမှုကို လာမည့် နိုဝင်ဘာလတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မန်စီးတီးအနေဖြင့် ပြစ်မှုထင်ရှားခဲ့ပါက ကြီးမားသည့်ဒဏ်ငွေတပ်ရိုက်ခံရဖွယ်ရှိနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှ တန်းဆင်းရဖွယ်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းက ပရီးမီးယားလိဂ်၏ စပွန်ဆာစာချုပ်များကို မျှတသည့်တန်ဖိုးဖြင့် ချုပ်ဆိုရေးစည်းမျဉ်း(APT)မှာ တရားမဝင်ကြောင်း၊ ယင်းစည်းမျဉ်းကိုမသုံးသင့်ကြောင်းနှင့် ယင်းစည်းမျဉ်းမှာ ထိခိုက်နစ်နာမှုများဖြစ်စေကြောင်း ၎င်းတို့ ၏တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

ပရီးမီးယားလိဂ်သည် APT စည်းမျဉ်းကို ဆော်ဒီအိ်မ်ရှေ့မင်းသားဦးဆောင်သည့်အဖွဲ့က နယူးကာဆယ်အသင်းကို ဝယ်ယူခဲ့သော ၂၀၂၁ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် စပွန်ဆာစာချုပ်များ ချုပ်ဆိုမှုတွင် ပွင့်လင်းမြင်သာမှုမရှိသဖြင့် အများဆုံးစွဲချက်တင်ခံထားရခြင်းဖြစ်သည်။

မန်စီးတီးအသင်းအနေဖြင့် စပွန်ဆာစာချုပ်အများစုကို အသင်းပိုင်ရှင် ရှိတ်မန်ဆော်နှင့် မလွတ်ကင်းသည့် ကုမ္ပဏီများနှင့်ချုပ်ဆိုထားကြောင်းလည်း သိရသည်။

မန်စီးတီးအသင်း၏ တရားစွဲဆိုမှုကို ဇွန်လ (၁၀) ရက်မှ (၂၁) ရက်အတွင်း ကြားနာသွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent