ဆာကာကို မက်ဆီနှင့် နှိုင်းယှဉ်ကာ အာတီတာ ချီးကျူးခဲ့ပြီး အသင်းခေါင်းဆောင် အော်ဒီဂွါကလည်း အမြဲမပြတ်တိုးတက်မှုရှိနေသည့်ကစားသမားဟု သုံးသပ်

ဆာကာကို မက်ဆီနှင့် နှိုင်းယှဉ်ကာ အာတီတာ ချီးကျူးခဲ့ပြီး အသင်းခေါင်းဆောင် အော်ဒီဂွါကလည်း အမြဲမပြတ်တိုးတက်မှုရှိနေသည့်ကစားသမားဟု သုံးသပ်
Photo : Getty Images
Photo : Getty Images
Published 19 August 2024

အာဆင်နယ်အသင်း၏နည်းပြ အာတီတာက ဝုလ်ဗ်အသင်းအား (၂-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးကာ ခြေစွမ်းပြခဲ့သည့် အင်္ဂလန်တိုက်စစ်ကစားသမား ဆာကာကို နာမည်ကျော် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနှင့် နှိုင်းယှဉ်ကာ ချီးကျူးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆာကာသည် ယင်းပွဲ၌ ဟာဗက်ဇ် သွင်းယူခဲ့သော အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို၊ ဒုတိယဂိုးကို ကိုယ်တိုင်သွင်းယူခဲ့ခြင်းဖြစ်ပြီး အသင်း၏နိုင်ပွဲအတွက် အရေးအပါဆုံးကစားသမားတစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့် အာတီတာက ဆာကာ၏ အရည်အသွေးများမှာ မက်ဆီကို အမှတ်ရစေသည်ဟု ချီးကျူးပြောကြားခဲ့ခြင်းဖြစ်သည်။ "ဒီလိုက စားသမားကောင်းတွေပဲ ဒါမျိုးလုပ်နိုင်တာပါ။ မက်ဆီ အဲဒီလိုမျိုး တစ်ချိန်လုံးလုပ်လေ့ရှိတာကို  သိထားကြပေမဲ့ တားဆီးလို့မရပါဘူး။ ဒါဟာ သူ့ရဲ့ အရည်အသွေးပါပဲ။  ဆာကာက မယုံနိုင်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့လို ကစားသမားမျိုး ဒီကမ္ဘာမှာ အများကြီး မရှိပါဘူး။  ပြီးတော့ သူက အရမ်းငယ်ပါသေးတယ်။ သူက အခုထက် ပိုကောင်းလာနိုင်ပါတယ်။ ဒီလို လူငယ်ကစားသမားတစ်ယောက် အမြင့်ဆုံးခြေစွမ်းနဲ့ ရက်သတ္တပတ်တိုင်းစွမ်းဆောင်ပြနေတာကို မြင်တွေ့ရတာ ကြုံတောင့် ကြုံခဲ့ပါပဲ"ဟု အာတီတာက ပြောကြားခဲ့သည်။

ဆာကာ (၂၂ နှစ်)သည် ၂၀၂၀-၂၁ ရာသီမှစ၍ အာဆင်နယ်အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်လာခဲ့သူဖြစ်ပြီး ယခုနောက်ပိုင်းတွင် ဂိုးများပိုမိုသွင်းယူကာ ခြေစွမ်းပြလာနိုင်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃-၂၄ ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ၌ (၄၇)ပွဲကစားကာ ဂိုး (၂၀)သွင်းယူနိုင်ခဲ့သည့်အတွက် PFA အကောင်းဆုံးလူငယ်ကစားသမားဆု ဆန်ခါတင်စာရင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။ ထို့ကြောင့် အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါကလည်း ဆာကာသည် အမြဲမပြတ်တိုးတက်မှုရှိနေသည့်ကစားသမားဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ "သူက ပိုကောင်းသထက် ကောင်းလာဦးမှာပါ။ လေ့ကျင့်ရေးကွင်းမှာ သူ ပြင်းပြင်းထန်ထန်လေ့ကျင့်နေတာ၊ အသေးစိတ်ကအစ ပိုကောင်းအောင် လုပ်ဆောင်နေတာ မြင်တွေ့ရပါတယ်။ သူက အမြဲမပြတ် တိုးတက်မှုရှိနေတဲ့သူပါ။ သူ့မှာ မယုံနိုင်စရာကောင်းတဲ့ အရည်အသွေး ရှိနေပါတယ်။ ကျွန်တော့်ရဲ့အသင်းမှာ သူရှိနေတာ ပျော်ရွှင်ပါတယ်။ သူ့ကို ပိုပြီးတိုးတက်လာအောင် ကျွန်တော်တို့ ကူညီပေးသွားမှာဖြစ်ပြီး တွန်းအားလည်း ပေးသွားမှာပါ" ဟု အော်ဒီဂွါက ပြောကြားခဲ့သည်။ 

Most Read

Most Recent