မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် Tiffy Amry အသင်းနှင့် စာချုပ်ချုပ်ဆို

မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် Tiffy Amry အသင်းနှင့် စာချုပ်ချုပ်ဆို
Photo: Tiffy Army
Photo: Tiffy Army
Published 5 August 2024

မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော်သည် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် Tiffy Amry အသင်းနှင့် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် Tiffy Amry အသင်း(ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနအသင်း) သည် မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော်ကို လာမည့် ၂၀၂၄-၂၀၂၅ ရာသီအတွက် တစ်ရာသီစာချုပ် ချုပ်ဆို၍ ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်နှင့် Tiffy Amry အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်တွင် ကစားသမား၏ ခြေစွမ်းအပေါ်မူတည်၍ သက်တမ်းတိုးစာချုပ် ဆက်လက်ချုပ်ဆိုမည့်အချက်ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

စိုးမိုးကျော်သည် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီတွင် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလ် ဖနွမ်းပင်ခရောင်းအသင်း၌ တစ်ရာသီကစားခဲ့ပြီး ယခုအခါ Tiffy Amry အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

Tiffy Amry အသင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် ဖနွမ်းပင်အခြေစိုက်အသင်းဖြစ်ပြီး ၎င်းတို့၏ အိမ်ကွင်းဖြစ်သည့် RCAF Stadium(ကမ္ဘောဒီးယားတော်ဝင်စစ်တပ်ကွင်း) မှာ ပရိသတ် ၈၀၀၀ ဝင်ဆံ့ကြောင်း သိရသည်။

Tiffy Amry အသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီတွင် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အမှတ်ပေးဇယားအဆင့် ၅ နေရာတွင်သာ ရပ်တည်ခဲ့ကြောင်း သိရသည်။

စိုးမိုးကျော်သည် ပြီးခဲ့သည့်ရာသီတွင် ဖနွမ်းပင်ခရောင်းအသင်း၌ အမြဲတမ်းပွဲထွက်ကစားခွင့်ရ အမာခံကစားသမားတစ်ဦးဖြစ်ခဲ့ပြီး နောက်တန်းကစားသမးဆိုသော်လည်း အသင်းအတွက် ၅ ဂိုးသွင်းယူပေးခဲ့ကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စိုးမိုးကျော်သည် ဖနွမ်းပင်ခရောင်းအသင်းနှင့်အတူ ပြီးခဲ့သည့်ရာသီတွင် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဒုတိယနေရာ၊ AFC Cup ပြိုင်ပွဲတွင် အာဆီယံဇုန် ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သည်။

စိုးမိုးကျော်သည် ဖနွမ်းပင်ခရောင်းအသင်းနှင့်အတူ ပြီးခဲ့သည့်ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် အတူကျရောက်ခဲ့ပြီး အိမ်ကွင်းတွင်(၄-၀) ဂိုးဖြင့် အနိုင်ရှိခဲ့ကာ အဝေးကွင်းတွင်(၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

စိုးမိုးကျော်၏ ဖနွမ်းပင်ခရောင်းအသင်းသည် ပြီးခဲ့သည့်ရာသီ AFC Cup ပြိုင်ပွဲ အာဆီယံဇုန်ဆီမီးဖိုင်နယ်အဆင့်တွင် သြစတြေးလျကလပ် စင်ထရယ်ကော့စ်မာရီနာအသင်းကို(၀-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

စိုးမိုးကျော်သည် Tiffy Amry အသင်းသို့ ပြောင်းရွှေ့ခြင်းမှာ ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပြည်ပကလပ်အသင်း သုံးသင်းမြောက်အဖြစ် ပြောင်းရွှေ့ကစားခြင်းဖြစ်သည်။

စိုးမိုးကျော်သည် ပထမဆုံး ပြည်ပကလပ်အသင်းအဖြစ် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ရာသီတွင် ထိုင်းလိဂ်-၂ ကလပ် ကာဆက်ဆက်အသင်း၌ သွားရောက်ကစားထားခဲ့သည်။      

Most Read

Most Recent