ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချမှုဖြင့် ဖမ်းဆီးထားသည့် Aeon Orange မှ  ဒါရိုက်တာ ဂျပန်နိုင်ငံသားကို ပြန်လွှတ်ပေး

ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချမှုဖြင့် ဖမ်းဆီးထားသည့် Aeon Orange မှ  ဒါရိုက်တာ ဂျပန်နိုင်ငံသားကို ပြန်လွှတ်ပေး
Published 12 August 2024

ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချမှုဖြင့် ဖမ်းဆီးထားသည့် Aeon Orange မှ  ဒါရိုက်တာ ဂျပန်နိုင်ငံသား Mr.Kasamatsu Hiroshi ကို ယနေ့(သြဂုတ် ၁၂ ရက်)တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Aeon Orange မှ Mr Kasamatsu Hiroshi ကို တရားရုံးက အမိန့်ချလိုက်သည်ဆိုသော သတင်းများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့၏ Viber Group တွင် သတင်းဌာနတစ်ခု၏ မေးမြန်းမှုကို " ယနေ့ညနေ ပြန်လွှတ်ပေးပြီး ဖြစ်ပါတယ်" ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေဆိုခဲ့ခြင်း မရှိပေ။

ဂျပန်အခြေစိုက် သတင်းဌာနများ၏ ရေးသားဖော်များမှုများအရ ဆန်ဈေးမြှင့်တင်ရောင်းချမှုကြောင့် ဖမ်းဆီးထားသော Aeron Orange မှ ဒါရိုက်တာ ဂျပန်နိုင်ငံသား Mr Kasamatsu Hiroshi ကို ယနေ့(သြဂုတ် ၁၂ ရက်တွင်) ထောင်တစ်နှစ်နှင့် ငွေဒဏ်ချမှတ်လိုက်ကြောင်း  သိရသည်။

ပြည်တွင်းဆန်ဈေးကွက်တွင် ဈေးနှုန်းမြှင့်တင်ရောင်းဝယ်ခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ခုနှစ်ဦးနှင့် One Stop Mart၊ City Mart Holding ကုမ္ပဏီ၊ Sein Gay Har Holding ကုမ္ပဏီ၊ Aeon Orange တို့မှ တာဝန်ရှိသူ လေးဦးအား အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူမည်ဖြစ်ကြောင်း ဇွန် ၃၀ ရက်တွင် နစကမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသောဈေးကွက် ဈေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သည့် ဈေးဝယ်စင်တာ ၂၂ ဆိုင်မှ တာဝန်ရှိသူ လေးဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် နေထိုင်သည့် One Stop Mart ဒါရိုက်တာ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် နေထိုင်သည့် City Mart Holding ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးဖြိုးမင်းကျော်၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင် (အနောက်)ရပ်ကွက်တွင် နေထိုင်သည့် Sein Gay Har Trading ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်တွင် နေထိုင်သည့် Aeon Orange ဒါရိုက်တာ Mr. Kasamatsu Hiroshi တို့အား  ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ- ၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အချို့လုပ်ငန်းရှင်များသည် စီးပွားရေးကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းဝယ်လျက်ရှိသောကြောင့် အများပြည်သူမှာ ဆန်ဝယ်ယူစားသုံရန် အခက်အခဲများဖြစ်ပေါ်ပြီး ကြပ်တည်းမှုများကြုံတွေ့နေရကြောင်း သတင်းရရှိသည့်အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ မြို့ကြီးများရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ၇ ခုတို့မှ ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသောဈေးကွက် ဈေးနှုန်းထက် အမြတ်အစွန်းပိုမိုရယူကာ ရောင်းချမှု ရှိ၊ မရှိအား လုံခြုံရေးအဖွဲ့အစည်းများက ဖောက်ထုတ်စစ်ဆေးခဲ့ကြောင်း ဖော်ထားသည်။  

စစ်ဆေးတွေ့ရှိချက်များအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသောဈေးကွက် ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းအထိ အမြတ်အစွန်းပိုမိုရယူကာ ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၇ ဦး၊ သတ်မှတ်ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦး၊ သတ်မှတ်ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ်များစွာရယူရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၇ ဦးရှိသည်ကို စိစစ်တွေ့ရှိရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent