ကျိုင်းတုံမြို့နယ်တွင် ကျပ် ငါးဘီလျံကျော် တန်ဖိုးရှိ အိုက်စ် ၅၀၀ ကီလိုနှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိ

ကျိုင်းတုံမြို့နယ်တွင် ကျပ် ငါးဘီလျံကျော် တန်ဖိုးရှိ အိုက်စ် ၅၀၀ ကီလိုနှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိ
Published 12 June 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ကျပ် ငါးဘီလျံကျော် တန်ဖိုးရှိ အိုက်စ် ၅၀၀ ကီလိုနှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက် မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်သွားကားလမ်းနှင့် မြို့ရှောင်လမ်းဆုံတွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် TOYOTA HILUX မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးစဉ် အဆိုပါယာဉ်သည် ဂျိုးဖြူကျေးရွာလမ်းဆုံအနီးရှိ လမ်းဘေးရေမြောင်းအတွင်းသို့ တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်ပါ မျိုးကို (ခ) မျိုးကြီးအား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်း ရဲကြီးသည် ထွက်ပြေးတိမ်းရှောင်သွားခဲ့ ကြောင်း သိရသည်။

အဆိုပါယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ကျပ် ၅ ဒသမ ၇ ဘီလျံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလို၊ ကက်တမင်း ၂၀၀ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ယာဉ်ပိုင်ရှင် ထက်ကြည်စိုးကို ဇွန် ၉ ရက် နံနက် ၁ နာရီတွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၃) ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ ကျိုင်းတုံသို့ သယ်ဆောင်ခဲ့သည့် Nissan Diesel ၁၀ ဘီး မော်တော်ယာဉ်အား ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာ ကားကြီးကွင်းရှေ့တွင် ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ကွန်ဟိန်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။