ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄) တက်ရောက်မည့်သူများ သင်တန်းကျောင်းများသို့ ရောက်ရှိ

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄) တက်ရောက်မည့်သူများ သင်တန်းကျောင်းများသို့ ရောက်ရှိ
Published 30 July 2024

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄) တက်ရောက်မည့်သူများ သင်တန်းကျောင်းများသို့ ယနေ့(ဇူလိုင် ၃၀ ရက်)တွင် ရောက်ရှိလာကြောင်း သိရသည်။

ထိုသို့သင်တန်းတက်ရောက်ရန် ရောက်ရှိလာသည့် သင်တန်သားများကို သက်ဆိုင်ရာ တာဝန်ရှိသူများ ကြိုဆိုခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်(၃)အထိဖွင့်လှစ်ထားပြီးဖြစ်ကာပြည်သူ့စစ်မှုထမ်းအမှတ်(၁)သည် ဇွန်လ ၂၈ ရက်တွင် သင်တန်းဆင်းပြီးနောက် သင်တန်းသားများသည်တပ်မတော်တွင် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁)သင်တန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ထို့နောက် ပြည် သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂) သင်တန်းကို မေ ၁၄ ရက်က လည်းကောင်း၊ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃)ကို  ဇွန် ၂၅ ရက်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့် နှစ်၊ နိုဝင်ဘာလတွင် ဥပ​ေဒအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား နစကကအသက်ဝင်စေခဲ့ခြင်းဖြစ်သည်။ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှတ်စဉ်တစ်ခုတွင် သင်တန်းသား ၅၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။

နေပြည်တော်ကောင်စီ၊ တိုင်းဒေကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအ ဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်း ကောက်ယူရာတွင် ဥပဒေပါသတ်မှတ်အသက်မပြည့်မီသူနှင့် အသက်ကျော်လွန်သူများ မပါရှိစေရေး၊ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကြပ်စာရင်းသွင်းခြင်းမရှိစေရေး၊ အစားထိုးပေးပို့မှုများမရှိစေရေး၊ မြေပြင်တွင်ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မသမာမှုများ မရှိစေရေးတို့အတွက် အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များ တင်ပြမှုနှင့်ပတ်သက်၍လည်း စနစ်တကျစိစစ်ပြီး သတ်မှတ်ချိန်အတွင်း တင်ပြကြရန် လိုအပ်ကြောင်းပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားထားသည်။

ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ သင်တန်းကျောင်းသို့ ရောက်ရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူများအတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းအဖြစ် ကိုယ်ပိုင်အမှတ်ရရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူများအတွက် သက်ဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့် တင်ပြလာမှုများအား ဗဟိုအဖွဲ့သို့ သတ်မှတ်ချိန်အတွင်းတင်ပြမှသာ သင်တန်းကျောင်းသို့ မရောက်မီ အချိန်မီခွင့်ပြုပေးနိုင်မည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားထားသည်။

ယခုဖွင့်လှစ်လျက်ရှိသည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းများနှင့်ပတ်သက်၍ သတ်မှတ်ချက်များသည် ထွက်ပေါ်လာမည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင်ပါရှိလာမည့် ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်းသိရသည်။

Most Read

Most Recent