ပခုက္ကူကြက်သွန်ဈေးကွက်အတွင်း ယခုဇွန်လဆန်းမှ ကုန်ဝင်ရောက်မှုနည်းပါးပြီး တစ်ပိဿာ ကျပ် ၅၀၀ ခန့်ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
ပခုက္ကူကြက်သွန်ဈေးကွက်မှာ ပြီးခဲ့သည့် မေလကုန်ထိ တစ်ပိဿာ ကျပ် ၂၁၀၀ ခန့်သာပေါက်ဈေးရှိပြီး ယခုဇွန်လဆန်းတွင် တစ်ပိဿ ၂၆၅၀ ကျပ်ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
ဈေးကွက်အတွင်းကုန်ဝင်ရောက်မှုမှာ ပိဿာချိန် ၄ ထောင် မှ ၁ သောင်း ခန့်သာရှိပြီး ကြက်သွန်ထွက်ရှိရာ ပေါက်မြို့နယ် ၊ ပုလဲမြို့နယ်များမှ ပခုက္ကူမြို့သို့ ဆက်သွယ်ထားသည့် လမ်းပိုင်းများ လုံခြုံရေးကြောင့် ကုန်ကားများ သွားလာမှု နည်းပါးကြောင်း သိရသည်။
` ကုန်ဝင်က တအားနည်းတယ်။ တစ်ခြားမြင်းခြံတို့မှာလည်း ကြက်သွန်ဈေးတက်တယ်။ ရန်ကုန်က ဈေးတက်ပေးလို့ ဈေးမြင့်လာတဲ့အနေအထားပါ။ ပုံမှန်လမ်းအခြေအနေဆို ဒီဈေးက ကုန်ဝင် ပိဿာချိန် သိန်းဂဏန်းပဲ။ ကားတွေ သွားလာဖို့ အခက်အခဲကြောင့်သာ ကုန်ဝင်မလာတာ ´ ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်သူတစ်ဦး ကပြောသည်။
ပခုက္ကူကြက်သွန်ဈေးကွက်အတွင်း ပိဿာချိန် ၁၀၀၀၀ ခန့်ဝင်ရောက်သည့် ဇွန်လ ၄ ရက်နေ့တွင် ဂျွန်သေးတစ်ပိဿာ ၁၅၀၀ - ၁၈၀၀ ကျပ် ၊ဂျွန်လတ်တစ်ပိဿာ ၁၉၀၀ - ၂၂၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿာ ၂၃၀၀ - ၂၆၅၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။















