U-12 Junior Soccer World Challenge ပြိုင်ပွဲဝင်ရန် မြန်မာ ယူ-၁၂ အသင်း အပြီးသတ်ကစားသမားရွေးချယ်

U-12 Junior Soccer World Challenge ပြိုင်ပွဲဝင်ရန် မြန်မာ ယူ-၁၂ အသင်း အပြီးသတ်ကစားသမားရွေးချယ်
Photo: MFF
Photo: MFF
Published 12 August 2024

၂၀၂၄  U-12 Junior Soccer World Challenge ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြိုတွင် သြဂုတ် (၂၀) ရက်မှ (၂၃) ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၁၂ အသင်းသည် ယင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား (၁၈) ဦးကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ ယူ-၁၂ အသင်းကို ဖွဲ့စည်းရန် ရန်ကုန်နှင့် မန္တလေးမြို့များတွင် လူရွေးပွဲများပြုလုပ်ပြီးနောက်  MFF အကယ်ဒမီကျောင်းများမှ အသက်မီသည့် ကစားသမားများနှင့်ပေါင်းစပ်ကာ ပဏာမကစားသမား (၂၈) ဦး ရွေးချယ်ခဲ့သည်။

ထို့နောက် ယင်းကစားသမား (၂၈) ဦးကို စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး နည်းပြချုပ်အဖြစ် ဦးမင်းသူ (ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ဟောင်း) က တာဝန်ယူကိုင်တွယ်ခဲ့သည်။

မြန်မာ ယူ-၁၂ အသင်း နည်းပြချုပ်ဖြစ်သူ ဦးမင်းသူသည် ပြီးခဲ့သည့် သြဂုတ် (၁၀) ရက်က ရန်ကုန်မြို့ရှိ ဗဟန်းကွင်းတွင် ယခင်နှစ် U-12 Junior Soccer World Challenge ပြိုင်ပွဲဝင်အသင်း(မြန်မာ ယူ-၁၃ အသင်း) နှင့် မြန်မာ ယူ-၁၂ အသင်းအား ခြေစမ်းကစားခဲ့ပြီး အပြီးသတ်ကစားသမား(၁၈) ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာယူ -၁၂ လူငယ်အသင်းသည် ၂၀၂၄  U-12 Junior Soccer World Challenge ပြိုင်ပွဲတွင် အုပ်စု (D) ၌ အိမ်ရှင်ဂျပန်ကလပ်အသင်းများနှင့် ကျရောက်နေသည်။

ယခုနှစ်ပြိုင်ပွဲကို အသင်းပေါင်း(၄၈) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး (၄) သင်း (၁၂) အုပ်စုခွဲ၍ ပထမအဆင့် (Preliminary League) အဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပထမအဆင့်(Preliminary League) တွင် အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်နိုင်သည့် အသင်းနှစ်သင်းစီ၊ စုစုပေါင်း (၂၄)သင်းမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲ (Final Tournament) သို့ တက်ရောက်ကစားခွင့်ရမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အဆင့်(၃၊ ၄) ရ အသင်း (၂၄) သင်းမှာ အောက်အဆင့်ပြိုင်ပွဲ (Lower Tournament) ၌ ဆက်လက်ကစားရမည် ဖြစ်သည်။

ပြိုင်ပွဲကို ပထမအဆင့်  (Preliminary League) တွင် (၁၅) မိနစ် နှစ်ပိုင်း (နားချိန် ၅ မိနစ်)၊ နောက်ဆုံးအဆင့်ပြိုင်ပွဲ (Final Tournament) တွင် (၂၀) မိနစ် နှစ်ပိုင်း( နားချိန် ၅ မိနစ်)၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်တွင် (၂၅) မိနစ် နှစ်ပိုင်း (နားချိန် ၁၀ မိနစ်)၊ အောက်အဆင့်ပြိုင်ပွဲ  (Lower Tournament) ကိုမူ (၁၅) မိနစ် နှစ်ပိုင်း (နားချိန် ၅ မိနစ်) ပုံစံဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာယူ-၁၂ အသင်းသည် ယခုနှစ်ပြိုင်ပွဲတွင် ပထမအဆင့် (Preliminary League) ၌  အုပ်စု (D) တွင် အိမ်ရှင်ဂျပန်ကလပ်အသင်းများဖြစ်သည့် Tozuka Football Club Junior၊ Kashima Antlers Norte၊ FC Basara Hyogo  အသင်း များနှင့် ကျရောက်လျက်ရှိသည်။

ယင်းပြိုင်ပွဲကို ကမ္ဘာ့ထိပ်သီးကလပ်အသင်းများ၏ အကယ်ဒမီများမှ လူငယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသည်။ 

မြန်မာ ယူ-၁၂ အသင်း အပြီးသတ်လူစာရင်း

အုပ်ချုပ်သူ - ဦးရန်လင်းအောင်၊ နည်းပြချုပ် - ဦးမင်းသူ၊ လက်ထောက်နည်းပြ - ဦးကျော်ဇေယျ၊ ဂိုးနည်းပြ - ဦးကိုကို၊ ဂိုးသမား - ဇေယျာမျိုးထက်၊ မြတ်ဘုန်းလင်း၊ နောက်တန်း - ရှိအောင်၊ သီဟလင်းသစ်၊ ဇွဲထွန်းချစ်၊ ရှိုင်းမျိုးမြတ်၊ အောင်ဇွဲမာန်၊ အလယ်တန်း - အောင်ခန့်ကိုကို၊ အဂ္ဂမုဏ်းမာန်၊ စောအောင်သိန်းသန်း၊ မြတ်ဘုန်းသုခ၊ ကောင်းမြတ်သူ၊ စောသူထက်ဦး၊ ရှေ့တန်း - သူရိန်စိုး၊ ခန့်မင်းမြတ်၊ စိုင်းနွံဆိုင်အွမ်၊ ရှင်းခန့်လင်း၊ သူရချမ်းသာ

Most Read

Most Recent