မြစ်လေးမြစ်မှာ မြို့ခြောက်မြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေသဖြင့် အနိမ့်ပိုင်းဒေသတွင်နေထိုင်သူများ သတိပြုနေထိုင်ကြရန် မိုးဇလ သတိပေး

မြစ်လေးမြစ်မှာ မြို့ခြောက်မြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေသဖြင့် အနိမ့်ပိုင်းဒေသတွင်နေထိုင်သူများ သတိပြုနေထိုင်ကြရန် မိုးဇလ သတိပေး
Published 5 August 2024

မြစ်လေးမြစ်မှာ မြို့ခြောက်မြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေသဖြင့် အနိမ့်ပိုင်းဒေသတွင်နေထိုင်သူများသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

မြို့ခြောက်မြို့တွင် စိုးရိမ်ရေမှတ်အထက်တည်ရှိနေသည့် မြစ်လေးမြစ်မှာ စစ်တောင်း၊ ပဲခူး၊ သံလွင်၊ ငဝန်မြစ်တို့ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်သည်။

စစ်တောင်းမြစ်မှာ တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း နှစ်လက်မခန့်သာ ကျဆင်းနိုင်ကြောင်း၊ ပဲခူးမြစ်ရေမှာ ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေကျော်ခန့်သို့ ရောက်ရှိနေပြီးလာမည့် တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

အလားတူ သံလွင်မြစ်ရေမှာ ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ငါးပေခွဲခန့်သို့ ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း လေးလက်မခန့် ကျဆင်းနိုင်ကြောင်း၊ ငဝန်မြစ်ရေမှာ ငသိုင်းချောင်းမြို့တွင် စိုးရိမ် ရေမှတ်အထက် သုံးလက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်းနှစ် လက်မခန့်ကျဆင်းလာနိုင်ကြောင်း၊ ထို့ပြင်အဆိုပါမြစ်ရေမှာ သာပေါင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း သုံးလက်မခန့်ကျဆင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

သို့သော် ရွှေကျင်မြစ်ရေမှာ ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ်အထက် လေးလက်မခန့်ကျော်လွန်နေသော်လည်း လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကျဆင်းနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

ယင်းကြောင့် တောင်ငူ၊ ရွှေကျင်၊ ပဲခူး၊ ဘားအံ၊ သာပေါင်း၊ မဒေါက်၊ ငသိုင်းချောင်းမြို့များရှိ မြစ်ကမ်းအနီးနေထိုင်သူများနှင့် မြေနိမ့်ပိုင်းဒေသတွင် နေထိုင်သူများအနေဖြင့် သတိထားနေထိုင်ကြရန် မိုးဇလက ထုတ်ပြန်သည်။

ထို့ပြင် ရေကြီးမှုများဆက်တိုက်ဖြစ်ပွားခဲ့သည့် ပဲခူးမြို့ရှိ နေရာအချို့တွင် ရေပြန်ကျလာပြီဖြစ်ကြောင်း ပဲခူးမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

ပဲခူးမြို့ရှိ နေရာအတော်များများတွင် သုံးရက်ဆက်တိုက်ရေမကျခဲ့သည့်နေရာများတွင် ရေပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း သိရသည်။

အထက ကျောင်းတို့ဘာတို့မှာတော့ သန့်ရှင်းရေးပြန်လုပ်နေပြီ။ အနိမ့်ပိုင်းရပ်ကွက်တွေတော့ ရေကျန်နေပါသေးတယ်ဟု ပဲခူးမြို့ခံတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၆ ရက်မှစတင်ကာ မိုးရွာသွန်းမှုများလာပြီး ပဲခူးမြို့လယ်ကို ဖြတ်သန်းစီးဆင်းနေသည့် ပဲခူးမြစ်ရေ မြင့်တက်လာခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

တစ်ပတ်နီးပါးကာလအတွင်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူများတွင် ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦး၊ ဓာတ်လိုက်မှုကြောင့် ဆယ်ကျော်သက်အရွယ် ကျောင်းသားတစ်ဦးနှင့် လူလတ်ပိုင်းအရွယ်သေဆုံးမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရှစ်နှစ်အရွယ် ကလေးငယ်သည် ဆော့ကစားနေစဉ် မြောင်းပေါက်ထဲသို့ ပြုတ်ကျပြီး ရေစီးနှင့်အတူ မျောပါသေဆုံးခဲ့ခြင်းဖြစ်ပြီး ဓာတ်လိုက်သေဆုံးခဲ့သည့် ဆယ်ကျော်သက် အရွယ်ကျောင်းသားသည် စက်ဘီးစီးလာစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပဲခူးမြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။

ကလေးလေးရော ကျောင်းသားလေးရော တစ်ရက်တည်း ဆုံးတာပါ။ ကျောင်းသားက ဖုန်းအားသွင်းထားတာ သွားယူပြီးစက်ဘီးနဲ့ ပြန်လာတာပါ။ အဲဒီနားမှာ ရေကနည်း နည်းလေးပဲရှိတယ်။ အထက()ကျောင်းရှေ့နားမှာ ဓာတ်လိုက်ခံရတာပါဟု ပဲခူးမြို့ခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပဲခူးမြို့ပေါ်ရပ်ကွက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ပဲခူးတိုင်း အနောက်ခြမ်းတွင်လည်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

အလားတူပဲခူးမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကျောင်းအချို့ကို ယာယီပိတ်ထားရပြီးရေပြန်ကျချိန်တွင် ပိတ်ထားခဲ့ရသည့်ရက်များအတွက် အစားထိုး ပြန်လည်ဖွင့်လှစ်ရန် ပဲခူးတိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

ရေကြီးခဲ့သည့်နေရာအချို့မှာ ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း၊ ပင်စည်ရပ်ကွက်အတွင်း ကားလမ်းရေကျော်ခြင်း၊ ဘောနတ်ကြီး ကျေးရွာအနီး (၃၉) မိုင် စစ်ဆေးရေးဂိတ်အနီး ရေဝင်ရောက်နေမှုနှင့် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဘုရားကြီးမြို့နှင့် ပဲခူးမြို့သွားကားလမ်း ရေကျော်နေခြင်းနှင့် ပဲခူး ရပ်ကွက်အချို့၊ ဇိုင်းဂနိုင်ဘက်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent