ဆန္ဒပြကျောင်းသားခေါင်းဆောင်များက ယာယီအစိုးရအဖွဲ့ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူးနက်စ် ဦးဆောင်စေလို

ဆန္ဒပြကျောင်းသားခေါင်းဆောင်များက ယာယီအစိုးရအဖွဲ့ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူးနက်စ် ဦးဆောင်စေလို
Published 6 August 2024
Ref: ANI

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နုတ်ထွက်သွားပြီးနောက် ယာယီအစိုးရတစ်ရပ်ဖွဲ့မည်ဟု စစ်တပ်အကြီးအကဲက ကြေညာထားပြီး ဆန္ဒပြကျောင်းသားခေါင်းဆောင်များက ယင်းယာယီအစိုးရအဖွဲ့အား ၂၀၀၆ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်းဖြစ်၊ စီးပွားရေးပညာရှင်လည်းဖြစ်သည့် မိုဟာမက်ယူးနက်စ် ဦးဆောင်ပေးရန် တောင်းဆိုနေကြသည်ဟု Dhaka Tribune သတင်း၌ဖော်ပြထားသည်။

သတင်းများအရ နိုင်ငံမှရဟတ်ယာဉ်ဖြင့် ထွက်ပြေးလာသည့် ဟာဆီနာကို ဒေလီမြို့အနီး စစ်လေယာဉ်ကွင်းတွင် အိန္ဒိယစစ်ဘက်အရာရှိများက လာရောက်တွေ့ဆုံခဲ့ပြီး ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးထားသည်။

ယခုတောင်းဆိုချက်ကို ဩဂုတ် ၆ ရက်အစောပိုင်းတွင် နာဟစ်အစ္စလာမ်အပါအဝင် အဓိကကျောင်းသားခေါင်းဆောင်များအဖွဲ့က ဗီဒီယိုမက်ဆေ့ဖြင့် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အကျဉ်းကျနေသည့် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာကို ပြန်လွှတ်ပေးရန် ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက်ရှာဟာဘူဒင်က အမိန့်ပေးထားသည်။ ထို့ပြင် နိုင်ငံရေးပါတီအားလုံးက လွှတ်တော်ကိုဖျက်သိမ်းပြီး ယာယီအစိုးရဖွဲ့ရန် သဘောတူကြကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

ခွဲတမ်းစနစ်ဖြင့် အစိုးရအလုပ်အကိုင်နေရာပေးခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ဆူပူဆန္ဒပြမှုများပေါ်ပေါက်လာခြင်းဖြစ်ပြီး ဆန္ဒပြကျောင်းသားခေါင်းဆောင်များက ဝန်ကြီးချုပ်ဟာဆီနာ တာဝန်ယူအုပ်ချုပ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေခဲ့ခြင်းကိုလည်း အခဲမကျေကြပေ။

အသက် ၇၈  နှစ်ရှိပြီဖြစ်သည့် အတိုက်အခံခေါင်းဆောင် ခါလီဒါသည် အတိုက်အခံပါတီ BNP ၏ဥက္ကဌ ၊ နိုင်ငံ၏ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်တာဝန်ကို နှစ်ကြိမ်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဆန္ဒပြမှုများအတွင်း ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးမည်ဖြစ်ပြီး ဆန္ဒပြသူများ သေဆုံးခဲ့မှုဖြစ်စဉ်များကိုလည်း စစ်ဆေးဖော်ထုတ်ပေးမည်ဟု စစ်တပ်အကြီးအကဲဝါကာဇာမန်က ကတိပေးကြေညာထားသည်။

Most Read

Most Recent