ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်ခံရန် ဟားမာ့စ်အဖွဲ့ကို ဂျီ-၇ ခေါင်းဆောင်များ တိုက်တွန်း

ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်ခံရန် ဟားမာ့စ်အဖွဲ့ကို ဂျီ-၇ ခေါင်းဆောင်များ တိုက်တွန်း
ဇွန် ၁၃ ရက်က အီတလီနိုင်ငံ စဗယ်လက်ထရီမြို့တွင်ပြုလုပ်သည့် ဂျီ-၇ ခေါင်းဆောင်များ အစည်းအဝေးကို တွေ့ရစဉ်(Photo:AFP)
ဇွန် ၁၃ ရက်က အီတလီနိုင်ငံ စဗယ်လက်ထရီမြို့တွင်ပြုလုပ်သည့် ဂျီ-၇ ခေါင်းဆောင်များ အစည်းအဝေးကို တွေ့ရစဉ်(Photo:AFP)
Published 15 June 2024

မေလက အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ကြေညာခဲ့သည့် ဂါဇာအပစ်အခတ်ရပ်စဲရေး လမ်းပြမြေပုံကို လက်ခံရန် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (ဂျီ ၇) ခေါင်းဆောင်များက ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမာ့စ်ကို ဇွန် ၁၃ ရက်က တိုက်တွန်းခဲ့သည်။

ထိုအစီအစဉ်ကို ကုလသမဂ္ဂက လုံခြုံရေးကောင်စီက ထောက်ခံထားပြီး လက်ရှိတွင် ထိုအစီအစဉ်ကို အားလုံးက အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်က အီတလီတွင် ပြုလုပ်သည့် ဂျီ ၇ ညီလာခံတွင် ပြောကြားခဲ့သည်။

“အဲဒါကြောင့် ကျွန်တော်တို့ဟာ အများသဘောဆန္ဒအရ ဟားမာ့စ်အဖွဲ့ကို တိုက်တွန်းနေတာပါ။ အဲဒါမှ အဲဒီအစီအစဉ်ဟာ အလုပ်ဖြစ်နိုင်ပါလိမ့်မယ်”ဟု ရှောဇ်က ပြောကြားခဲ့သည်။

 ပြီးခဲ့သည့်လက ဘိုင်ဒင်သည် အစ္စရေး ဓားစာခံများပြန်လည်လွတ်မြောက်ရေးနှင့် အပစ်အခတ်ရပ်စဲရေးတို့ကို စိတ်ချသေချာစေရန် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှု အသစ်များကို စတင်ခဲ့သည်။

မည်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မဆိုသည် စစ်ပွဲကို အဆုံးသတ်စေသည့် ထာဝရ အပစ်အခတ်ရပ်စဲရေးဖြစ်ရန် အာမခံချက်ရှိရမည်ဟု ဟားမာ့စ်အဖွဲ့အရာရှိများက တောင်းဆိုထားပြီး အစ္စရေးက ထိုတောင်းဆိုချက်ကို ငြင်းပယ်နေသဖြင့် အမေရိကန်၏ အစီအစဉ်သည် သေချာရေရာမှုမရှိသည့် အခြေအနေအဖြစ် ဆက်လက်တည်ရှိနေသည်။

ဂျီ ၇ အစည်းအဝေးကို လက်ခံကျင်းပသည့် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကမူ ဂါဇာတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရန်အတွက် အမေရိကန်၏ ကြားဝင်လုပ်ဆောင်သည့် အဆိုပြုချက်ကို တညီတညွတ် တည်း ထောက်ခံကြောင်း အတည်ပြုခဲ့သည်။

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ အီတလီနှင့် အမေရိကန်တို့ပါဝင်သည့် ဂျီ ၇ အဖွဲ့ကလည်း အစ္စရေးဓားခံများအားလုံးကို ပြန်လွှတ်ပေးရန်၊ ဂါဇာဒေသ၏ အရပ်သားများကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် တိုက်တွန်းကြောင်း  မယ်လိုနီက ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟားမာ့စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက် ခဲ့သဖြင့် အရပ်သားအများစုအပါအဝင် လူပေါင်း ၁၁၉၄ ဦးခန့် သေဆုံးခဲ့ပြီးနောက် စစ်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဟားမာ့စ်အဖွဲ့သည် အစ္စရေးမှ ဓားစာခံ ၂၅၁ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ၎င်းတို့အနက် ၁၁၆ ဦးမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ၄၁ ဦးမှာ သေဆုံးခဲ့သည်ဟု အစ္စရေး စစ်တပ်က ပြောကြားခဲ့သည်။

ဂါဇာတွင် အစ္စရေး၏ တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အရပ်သားအများစုအပါအဝင် လူပေါင်း ၃၇၂၃၂ ဦးသေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂါဇာတွင်ဖြစ်ပွားနေသည့် အဆိုပါ ပဋိပက္ခသည် ကလေးသူငယ်များ၏ အခွင့်အရေးအား ချိုးဖောက်မှုနှုန်း ၁၅၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ တွေ့ရှိချက်အရအောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွင်းအစ္စရေးနှင့် အနောက်ဘက်ကမ်း ဒေသတွင် ကလေးငယ် ၄၃ ဦးအသတ်ခံရပြီး ဟားမာ့စ်နှင့်အခြား ပါလက်စတိုင်းအဖွဲ့များက အစ္စရေးကလေး ငယ် ၄၇ ဦးကို ပြန်ပေးဆွဲခဲ့သည်ဟုဆိုသည်။

၂၀၂၃ ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသ၌ ပါလက်စတိုင်းကလေးငယ်၂,၁၄၁ ဦး သေဆုံးခဲ့ပြီး အောက်တိုဘာ ၇ ရက်မှဒီဇင်ဘာ ၃၁ ရက်အတွင်း၌ ကလေး ၂,၀၅၁ ဦး သေဆုံးခဲ့သည်ဟု အစီရင်ခံစာတွင်အတည် ပြုထားသည်။ အစ္စရေးကလေးငယ် ၃,၉၀၀ နှင့် ပါလက်စတိုင်းကလေးငယ် ၁၉,၈၈၇ ဦးအပါအဝင် ကလေးများအပေါ် ဆိုးရွားသော ချိုးဖောက်မှု ၂၃,၀၀၀ ကျော်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။          

                                                         Ref:AFP

Most Read

Most Recent