အမေရိကန်၏ သစ္စာဖောက်မှုကြောင့် ယူကရိန်းနိုင်ငံသည် နှစ် ၅၀ အတွင်း ပျောက်ကွယ်သွားဖွယ်ရှိဟု အမေရိကန်ဂျာနယ်လစ် တက်ကာကာလ်ဆင် သုံးသပ်ပြောကြား

အမေရိကန်၏ သစ္စာဖောက်မှုကြောင့် ယူကရိန်းနိုင်ငံသည် နှစ် ၅၀ အတွင်း ပျောက်ကွယ်သွားဖွယ်ရှိဟု အမေရိကန်ဂျာနယ်လစ် တက်ကာကာလ်ဆင် သုံးသပ်ပြောကြား
Published 3 June 2024
Ref:Pravda

အမေရိကန်၏ သစ္စာဖောက်မှုကြောင့် နှစ် ၅ဝအတွင်း ယူကရိန်းနိုင်ငံသည် ပျောက်သွားနိုင်ဖွယ်ရာရှိသည်ဟု အမေရိကန်ဂျာနယ်လစ် တက်ကာကာလ်ဆင်က သုံးသပ်ပြောကြားခဲ့သည်။

တက်ကာကာလ်ဆင်သည် ဇွန် ၁ ရက်တွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်၏သားကို အင်တာဗျူးသည့်အစီအစဉ်တွင် ယင်းသို့ပြောကြားခဲ့သည်ဟု သိရသည်။

အမေရိကန်သည် ယူကရိန်းရှိ မြေများကို ပြည်ပရင်းနှီးမြှုပ်နှံသူများထံ ရောင်းချနေသည်ဟု ကာလ်ဆင်က ပြောကြားခဲ့သည်။ ထို့ကြောင့် တတိယကမ္ဘာမှလာသော ရွှေ့ပြောင်းများ မကြာမီ ယူကရိန်းတွင် ပြည့်သွားလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ယူကရိန်းဟာ နှစ် ၅၀ အတွင်းမှာ ပျောက်သွားနိုင်ပါတယ်။ ကျွန်တော်တို့ သစ္စာဖောက်တဲ့နည်းလမ်းအတိုင်း သူတို့ကို ဘယ်နိုင်ငံကမှ သစ္စာမဖောက်ပါဘူူး” ဟု အမေရိကန်ဂျာနယ်လစ် တက်ကာကာလ်ဆင်က ပြောကြားခဲ့သည်။

တက်ကာကာလ်ဆင်သည် ဒေါ်နယ်ထရန့်၏အကြီးဆုံးသားကို အင်တာဗျူးရာတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထရန့်သည် ရွေးကောက်ပွဲမတိုင်မီ ကွယ်လွန်ခြင်းမရှိပါက ၎င်းသည် ၂၀၂၄ နိုဝင်ဘာရွေးကောက်ပွဲကို အနိုင်ရလိမ့်မည်ဟု စောစောပိုင်းတွင် ကာလ်ဆင်ကဟော ကိန်းထုတ်ခဲ့သည်။

တက်ကာကာလ်ဆင်သည် မေ ၃၁ ရက်တွင် သမ္မတဟောင်းဒေါ်နယ်ထရန့်၏ သားအကြီးဆုံးဖြစ်သော ဒေါ်နယ်ထရန့်ဂျူနီယာကို အင်တာဗျူးလုပ်ခဲ့ရာတွင် အမေရိကန်က ယူကရိန်းကို သစ္စာဖောက်နေသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းအောင်ပွဲက ၀ါရှင်တန်အတွက်မည်သည့် အဓိပ္ပာယ်သက်ရောက်သလဲဆိုသည်ကို အဆိုပါအင်တာဗျူးတွင် ထရန့်ဂျူနီယာက မေးခွန်းထုတ်ခဲ့သည်။

“ယူကရိန်းအောင်ပွဲက ဘာနဲ့ဆင်တူသလဲဆိုတာကို ဘယ်သူကမှ မပြောကြပါဘူး။  လက်ရှိ အမေရိကန်အစိုးရအတွက် ဘာအဓိပ္ပာယ်လဲဆိုတာကိုလည်း ကျွန်တော်မသိပါဘူး။ အားလုံး ပျောက်သွားတဲ့အထိ ယူကရိန်းသားတွေနဲ့ ရုရှားနိုင်ငံသားတွေ နောက်ဆုံးသေဆုံးသွားကြနဲ့များ ဆင်တူနေမလား” ဟု ထရန့်ဂျူနီယာက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးမူဝါဒ ဖော်ဆောင်မှုသည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်ကာလတွင် ရုရှားနှင့်စစ်ရေးပဋိပက္ခ ဖြစ်နိုင်ခြေကို ချိန်ဆနေခြင်းဖြစ်သည်ဟု ကာလ်ဆင်က ပြောကြားခဲ့သည်။

ယူကရိန်းအခြေအနေသည် အမေရိကန်အနေဖြင့် ပြည်ပ၌ ၎င်း၏ပါ၀ါကျရှုံးနေသည်ဆိုခြင်းကို သက်သေပြရန် ၀ါရှင်တန်၏ နောက်ဆုံးကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်ကြောင်း ကာလ်ဆင်က ဆက်လက်ပြောကြားခဲ့သည်။

၁၉၆၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် မွေးခဲ့သော ကာလ်ဆင်သည် ကမ္ဘာ့ထိပ်တန်းသတင်းဌာနတို့တွင် သတင်းဝေဖန်သုံးသပ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ Fox News တွင် Tucker Carlson Talkshow အစီအစဉ်ကို တင်ဆက်ခဲ့သူဖြစ်သည်။

ကာလ်ဆင်သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို အားပေးထောက်ခံသူဖြစ်ပြီး ထရန့်ဝါဒကို အားပေးမြှင့်တင်နေသူဟု သိရသည်။