သန်လျင်တံတားအမှတ် (၃) ဖွင့်ပွဲအခမ်းအနားအား ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မည့် Dark Shadow အဖွဲ့ဝင် လေးဦးအား လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိ

သန်လျင်တံတားအမှတ် (၃) ဖွင့်ပွဲအခမ်းအနားအား ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မည့် Dark Shadow အဖွဲ့ဝင် လေးဦးအား လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိ
Published 16 June 2024

သန်လျင်တံတားအမှတ် (၃)ဖွင့်ပွဲအခမ်းအနားအား ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မည့် Dark Shadow အဖွဲ့ဝင် လေးဦးအား လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် ချိုကြီး(ခ)ဟိန်းထက်အောင် အပါအဝင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား ၁၀၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန် ၁၀ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိထားသည့် ချိုကြီး(ခ)ဟိန်းထက်အောင်၏ ထွက်ဆိုချက်အရ ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် Dark Shadow အဖွဲ့ဝင်များဖြစ်သည့် မျိုးသိန်းထွန်းဘအား FGC-9 သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခုတို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းအိမ်ရာ၊ ပျိုးခြံလိုင်း၊ အခန်းအမှတ်(၁၃)တွင် လည်းကောင်း၊ ဇော်ကြီး(ခ)ကိုထက် အား လက်လုပ်မိုင်း တစ်လုံး၊ တရုတ်လက်ပစ်ဗုံး တစ်လုံး၊ ရီမု တစ်ခု တို့နှင့်အတူ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ပိတောက်လမ်း၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ နီလာအဆောင်၊ အခန်းအမှတ်(B-7)တွင် လည်းကောင်း၊ ရဲဇော်ထွန်း(ခ)ဖီးနစ် အား ပွိုင့်-၃၈ ကျည် ၂၉ တောင့်၊ လက်လုပ်မိုင်း ၅ လုံး၊ လက်လုပ်ရှို့ပစ်ဗုံး တစ်လုံး၊ Keypad ဖုန်း ၄ လုံး၊ ဓာတ်ခဲ ၉ လုံး၊ ပုလဲဓာတ်မြေဩဇာ တစ်ထုပ်တို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းအိမ်ရာ၊ သီဟလိုင်း၊ အခန်းအမှတ်(၄)တွင် လည်းကောင်း၊ ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ တိုက်(၄၅)၊ အခန်း(၁၀၃)တွင် လည်းကောင်း  ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ ချိုကြီး(ခ)ဟိန်းထက်အောင်၊ ရဲဇော်ထွန်း(ခ)ဖီးနစ်၊ ဇော်ကြီး(ခ)ကိုထက် နှင့် ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း တို့သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် လူမှုကွန်ရက်၌ ရင်းနှီးခဲ့သူ ရန်ကုန် UG အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် ဖြူနှင်းအေး(ခ)မီးအိမ်ရှင် ၏ စည်းရုံးမှုဖြင့် KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေ လေးကေ့ကော်မြို့သစ်အနီး၌ ဖောက်ခွဲရေးသင်တန်း တစ်လ တက်ရောက်ခဲ့ကြောင်း၊ ဖောက်ခွဲရေးသင်တန်း တက်ရောက်စဉ် NUG မှ ဦးရည်မွန် ဦးဆောင်ပြုလုပ်သည့် Online Meeting တွင် ပါဝင်တက်ရောက်ခဲ့ကာ ဦးရည်မွန်မှ ဖောက်ခွဲရေးသင်တန်းဆင်းပြီးပါက ရန်ကုန်မြို့အတွင်းသို့ လျှို့ဝှက်စွာ ပြန်လည်ဝင်ရောက်၍ လုပ်ငန်းများ ဆောင်ရွက်ရန်စေခိုင်းခဲ့ပြီး လိုအပ်သည့် လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား ချိတ်ဆက်ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်ကို ဖော်ထုတ်သိရှိရကြောင်း နစကမှ ထုတ်ပြန်သည်။

ချိုကြီး(ခ)ဟိန်းထက်အောင်၊ ရဲဇော်ထွန်း(ခ)ဖီးနစ်၊ ဇော်ကြီး(ခ)ကိုထက် နှင့် ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖမ်းဆီးရန်ကျန် ချမ်းငြိမ်းသူ(ခ)ပန်ဒါလေး ခေါင်းဆောင်သည့် Dark Shadow အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းနောက် ရန်ကုန်မြို့အတွင်းရှိ လှိုင်သာယာမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်နှင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တို့တွင် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ငွေကြေးများအား ဦးရည်မွန် က ဖမ်းဆီးရန်ကျန် ချမ်းငြိမ်းသူ (ခ)ပန်ဒါလေးမှတစ်ဆင့် ထောက်ပံ့ပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ ဦးရည်မွန် ၏ စေခိုင်းမှုဖြင့် Dark Shadow အဖွဲ့မှ ရန်ကုန်မြို့အတွင်း၌ ဖောက်ခွဲမှု နှစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ရဲဇော်ထွန်း(ခ)ဖီးနစ် သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ လျှပ်စစ်ရုံးရှေ့၌ လက်လုပ်မိုင်း နှစ်လုံး သွားရောက်ဖောက်ခွဲခဲ့ကြောင်းနှင့် ဇော်ကြီး(ခ)ကိုထက် နှင့် ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း တို့ နှစ်ဦးသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင် လှိုင်သာယာမြို့နယ်၊ (၅)လမ်းထိပ် ရဲကင်းစခန်းအား လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိထားသူများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နစကမှထုတ်ပြန်သည်။

Most Read

Most Recent