NLD ပါတီ နာယကကြီး သူရဦးတင်ဦးထံ ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်း ပေးပို့

NLD ပါတီ နာယကကြီး သူရဦးတင်ဦးထံ ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်း ပေးပို့
Published 2 June 2024

ကွယ်လွန်သွားပြီဖြစ်သည့် NLD ပါတီ နာယကကြီး သူရဦးတင်ဦးထံ အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်က လွမ်းသူ့ ပန်းခြင်း ပေးပို့ခဲ့ကြောင်း သိရသည်။

အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ထံမှ လွမ်းသူ့ပန်းခြင်းကို ဇွန် ၂ ရက် နံနက် ၉ နာရီခန့်တွင် ပေးပို့ခဲ့ခြင်းဖြစ် သည်။

“အန်တီ့ဆီက ပို့လိုက်တာ ပန်းခြင်းတစ်ခြင်း‌ပေါ့။ မနက် ၉ နာရီ ‌လောက်က ရောက်လာပါတယ်”‌ဟု ဦးတင်ဦးမိသားစုနှင့် နီးစပ်သူတစ်ဦးက ‌ပြောကြားသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကလည်း လွမ်းသူ့ပန်းခြင်းနှင့် သင်္ကန်းများ ပေးပို့ခဲ့ ကြောင်း သိရသည်။

“ကာချုပ်က မနေ့( ဇွန် ၁ ရက်) ညပိုင်းက ပို့လိုက်တယ်။ ပန်းခြင်းနှစ်ခြင်း သင်္ကန်း ငါးစုံလည်း ပါတယ်”‌ဟု ဦးတင်ဦး မိသားစုနှင့် နီးစပ်သူတစ်ဦးက ‌ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူရင်း ဇွန် ၁ ရက်တွင် ကွယ်လွန်ခဲ့သည့် သူရဦးတင်ဦး၏ ရုပ်အလောင်းကို ဗဟန်းမြို့ ဗောဓိရိပ်သာလမ်း နေအိမ်တွင် ထားရှိထားပြီး ဇွန် ၅ ရက် ညနေ ၄ နာရီတွင် ရေဝေးသုဿန်၌ ဂူသွင်းသဂြိုလ်မည်ဖြစ်သည်။

သူရဦးတင်ဦးအား မေ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်ပြည်သူ့ ‌ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မေ ၃၀ ရက်တွင် အထူးကြပ်မတ် ကုသဆောင်သို့ ‌ပြောင်းရွှေ့ ကုသမှုခံယူခဲ့ရသည်။

သို့သော် ဇွန် ၁ ရက်နံနက်တွင်မူ သူရဦးတင်ဦး၏ ကျန်းမာရေးမှာ ဆိုးရွားလာခဲ့ပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

သူရဦးတင်ဦးမှာ ၂၀၁၇ ခုနှစ်တွင် ရန်ကင်းနေအိမ်ရှိ ရေချိုးခန်း တွင် ချော်လဲခဲ့ပြီး အသက်အရွယ်ကြီးရင့်လာမှုကြောင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ခံယူနေရသည်။

မေ ၃၀ ရက် ညပိုင်းတွင် ကုသမှုခံယူနေသည့် ဦးတင်ဦးမှာ ကွယ်လွန်သွားသည်ဟု လူမှုကွန်ရက်စာမျက်နှာအချို့တွင် ပျံ့နှံ့ခဲ့ သည်။

ကွယ်လွန်ချိန်တွင် အသက် ၉၈ နှစ်ရှိပြီဖြစ်သည့် သူရဦးတင်ဦးမှာ  ၁၉၇၄ ခုနှစ် မတ်လမှ ၁၉၇၆ ခုနှစ် မတ်လအထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး NLD ပါတီကိုတည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

သူရ ဦးတင်ဦးကို ၁၉၂၇ ခုနှစ် မတ် ၁၂ရက်တွင် ဧရာဝတီတိုင်း ‌ဒေသကြီး ပုသိမ်မြို့တွင် မွေးဖွားခဲ့သည်။

 NLD ပါတီ ဥက္ကဋ္ဌတာဝန်ကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှ   ၁၉၈၉ ခုနှစ်ဒီဇင်ဘာ ၂၂ ရက်ထိ  ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ပါတီ၏ နာယကကြီးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

Most Read

Most Recent