မန္တလေးမြို့တွင် အပူချိန်ပြန်လည်မြင့်တက်မှုကြောင့် Heat Stroke ခံစားရသည့် လူလတ်ပိုင်းအချို့နှင့် သက်ကြီးရွယ်အိုများရှိလာပြီး တစ်ရက်လျှင် အနည်းဆုံးတစ်ဦးနှုန်းကို ကူညီနေရ

မန္တလေးမြို့တွင် အပူချိန်ပြန်လည်မြင့်တက်မှုကြောင့် Heat Stroke ခံစားရသည့် လူလတ်ပိုင်းအချို့နှင့် သက်ကြီးရွယ်အိုများရှိလာပြီး တစ်ရက်လျှင် အနည်းဆုံးတစ်ဦးနှုန်းကို ကူညီနေရ
Published 17 May 2024

မန္တလေးမြို့တွင် အပူချိန်ပြန်လည်မြင့်တက်မှုကြောင့် Heat Stroke ခံစားရသည့် လူလတ်ပိုင်းအချို့နှင့် သက်ကြီးရွယ်အိုများရှိလာပြီး တစ်ရက်လျှင် အနည်းဆုံးတစ်ဦးနှုန်းကို ကူညီနေရကြောင်း မန္တလေးမြို့အခြေစိုက်လူမှုကူညီရေးအသင်းများထံမှ သိရသည်။

“ဒီရက်ပိုင်းကတော့ ကျွန်တော်တို့ တသင်းတည်းတင်မဟုတ်ဘူး။ မန္တလေးမြို့အသင်းအဖွဲ့တိုင်းနီးပါးကတော့ ကူညီနေရတယ်။ နေ့တိုင်းနီးပါးကို Heat Stroke လူနာပေါ်နေတယ်”ဟု မဟာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မေ ၁၆ ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၃၂လမ်း၊ ၈၂_၈၃ကြားတွင် နေထိုင်သူ အမျိုးသမီးတဦး Heat Stroke (အပူဒဏ်)ရောဂါဖြင့် သတိမေ့နေကြောင်း မိသားစုဝင်များမှ ဆက်သွယ်အကူအညီ တောင်းခံလာသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“Heat Stroke လူနာတွေဆိုရင် အရေးပေါ်ပြုစုကုသပြီးရင် ဆေးရုံကြီးကို တခါတည်း ပို့ပေးတယ်။ ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေနဲ့ လိုအပ်တာကို ထပ်ကူညီတယ်။ အခုကတော့ နေ့တိုင်းနီးပါးပါပဲ”ဟု မဟာလူ မှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ မဏီစလလူမှုကူညီရေးအသင်းကလည်း မေ ၁၆ ရက်တွင် အဖွားအိုတစ်ဦး Heat Stroke ခံစားရသဖြင့် ကူညီကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ရကြောင်း သိရသည်။

၈၄လမ်း_ ၃ရလမ်းအနားရှိ ပြည်သူများမှ ဖုန်းဆက်အကူညီတောင်းလာသဖြင့် အရေးပေါ်ကား ထွက်ခွာခဲ့ရာ သတိလစ်နေသော လူနာအဘွားအိုအား အရေးပေါ်အခြေအနေအရ အသင်းရုံးသို့ ခေါ်ဆောင်လာခဲ့ပြီး အပူ ရှိန်ကျစေရန် ရေခဲရေများလောင်းပေးခဲ့ရကြောင်း၊ယင်းနောက်အသင်းရုံးရှိ ဆေးဝါးများနှင့် အောက်စီဂျင်တို့ ပေးခဲ့သဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း မဟာလူမှုကူညီရေး အသင်းထံမှ သိရသည်။

Heat Stroke ခံစားရသူများမှာ အသက် ၃၀ နှင့်အထက် လူလတ်ပိုင်းများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း မဟာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“Heat Stroke နဲ့ ပတ်သက်ပြီး အရွယ်ပိုင်းတွေက ၃၀ နဲ့အထက်ကစပြီး တွေ့ကြုံနေရ တယ်။ အဲ့ဒီထဲမှာမှ ဆီးချိုရောဂါရှိတဲ့သူ သွေးချိုရောဂါရှိတဲ့သူတွေက အန္တရာယ်စိုးရိမ်ရတယ်။ ဟိုးတလောကဆိုရင် တပြိုင်တည်းကို လေးငါးယောက်လောက် ကူညီရတယ်။ အဲ့ဒီထဲမှာ သေဆုံးတာတွေလည်းရှိတယ်။ အခုတော့ သေဆုံးတာမရှိသေးဘူး။ ကျွန်တော်တို့ သိသလောက်ကတော့” ဟု မဟာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဧပြီလဆန်းပိုင်းမှ စတင်ကာ မန္တလေးမြို့ တွင်အပူချိန်မြင့်တက်မှုကြောင့် Heat Stroke ခံစားရသူများရှိလာပြီး သေဆုံးမှုများလည်း ဖြစ်ပွားခဲ့သည်။

သို့သော် မေလဆန်းပိုင်းတွင် မိုးရွာသွန်းမှုများကြောင့် အပူချိန်လျော့ကျခဲ့သော်လည်း မေ ၁၀ ရက်နောက်ပိုင်းမှ စတင်ကာ အပူချိန် ပြန်လည်မြင့်တက်လာခဲ့သည်။

ယင်းနောက် Heat Stroke ခံစားရသူများ ပြန်လည်များပြားလာခဲ့ခြင်းဖြစ်ကြောင်း မန္တ လေးမြို့ခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေ ၁၆ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ တံတားဦး၊ စစ်ကိုင်း၊ ရွှေဘို၊ အောင်လံ၊ တောင်တွင်းကြီး၊ ကျောက်ဆည်မြို့များတွင် အမြင့်ဆုံးအပူချိန် စံချိန်များတင်ခဲ့ကြောင်း သိရသည်။

မိုးလေဝသအချက်အလက်များကို ထုတ်ပြန်လျက်ရှိသည့် Eldoradoweather ၏ ဖော်ပြချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများဖြစ်သည့် မကွေးတိုင်းချောက်မြို့နှင့် မကွေးမြို့များမှာ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ဆက်တိုက်ပါဝင်လျက်ရှိပြီး အပူချိန်များမှာလည်း ဆက်တိုက်မြင့်တက်လာကြောင်း သိရသည်။

Most Read

Most Recent