မြစ်ဆုံစီမံကိန်းအတွက် မြန်မာ-တရုတ်အကြား စီမံကိန်းကိစ္စများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဦးဆောင်အဖွဲ့ ဖွဲ့စည်း

မြစ်ဆုံစီမံကိန်းအတွက် မြန်မာ-တရုတ်အကြား စီမံကိန်းကိစ္စများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဦးဆောင်အဖွဲ့ ဖွဲ့စည်း
Published 22 May 2024

ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအတွက် မြန်မာ-တရုတ်အစိုးရများအကြား ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန်  ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီက အမိန့်ကြော်ငြာစာအမှှတ်  (၇၄/၂၀၂၄)ဖြင့် ထုတ်ပြန်ထားသည်။

 ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်နိုင်ရန် ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

အဖွဲ့ဝင်များအဖြစ် အမြဲတမ်းအတွင်းဝန် (ပြန်ကြားရေးဝန်ကြီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန် (စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန် (ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန် (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး စသည်ဖြင့် ဖွဲ့စည်းထားသည်။

 ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ  SPIC Yunnan International Power Investment Co., Ltd (SPICYN) ၏ ဦးဆောင်မှုနှင့်အတူ ပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန်၊  SPICYN ၏ ဦးဆောင်အဖွဲ့နှင့်အတူ ပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း၏ အဓိကကိစ္စရပ်များအပေါ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့အား လမ်းညွှန်မှုပေးခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဆောင်ရွက်ရန်ဖြစ်သည်။

ထို့ပြင်  လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ရန်၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ရန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရများအကြား စီမံကိန်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါအမိန့်ကြော်ငြာစာကို နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီက ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှှတ် ( ၇၄/၂၀၂၄  )ဖြင့် ထုတ်ပြန်ထားကြောင်း  မြန်မာနိုင်ငံပြန်တမ်းတွင် ၂၀၂၄ ခုနှစ် မေ ၁၇ ရက်စွဲဖြင့် ဖော်ပြထားခြင်းဖြစ်သည်။