ကျောက်မဲမြို့ အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်နက်ကြီး ထိမှန်မှုကြောင့် ကျောက်မဲမြို့ပေါ်တွင် နေထိုင်သူ နှစ်ဦး သေဆုံး

ကျောက်မဲမြို့ အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်နက်ကြီး ထိမှန်မှုကြောင့် ကျောက်မဲမြို့ပေါ်တွင် နေထိုင်သူ နှစ်ဦး သေဆုံး
Published 25 June 2024

ကျောက်မဲမြို့အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးထိမှန်မှုကြောင့် ကျောက်မဲမြို့ပေါ်တွင် နေထိုင်သူ နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

ဇွန် ၂၅ ရက် နံနက်ပိုင်းမှ စတင်ကာ ကျောက်မဲမြို့အနီးတဝိုက်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရပြီးနောက် ကျောက်မဲမြို့ပေါ်တွင် သွားလာနေသည့် ဒေသခံများ မရှိသလောက် ဖြစ်သွားကြောင်း သိရသည်။

" ဒီနေ့မနက်ပိုင်းမှာ သေနတ်သံတွေ ကြားနေရတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေကြားပြီးတော့ ကျောက်မဲမြို့ပေါ်မှာတော့ လူအသွားအလာ တော်တော်လေးကို နည်းသွားတယ်။ ဆိုင်တွေလည်း အကုန်ပိတ်ထားတယ်။" ဟု ကျောက်မဲ မြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဇွန် ၂၅ ရက် နံနက် ၈ နာရီခန့်တွင် ကျောက်မဲမြို့အတွင်းရှိ အခွန်လွတ်စျေးရှေ့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည်ဟု ဒေသခံလူမှုကူညီရေးအသင်းအချို့က လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် ပြင်ဦးလွင်မှ လားရှိုးသို့လာရောက်နေသည့် မော်တော်ယာဉ်များမှာလည်း လမ်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသဖြင့် ပိတ်မိနေခြင်းများလည်း ရှိနေသည်ဟု ဒေသခံအချို့က ပြောကြားသည်။

" အသိတယောက်က ပြင်ဦးလွင်ကနေ လားရှိုးကိုလာတာ။ ပြင်ဦးလွင်ကနေ တက်လာတာ စဉ့်အင်ဖောင်ဆိပ်ကို မနက် ၉ နာရီလောက်အမှီလာတာ။ မနက် ၅ နာရီလောက်က ပြင်ဦးလွင်ကနေထွက်လာတာ ဆမ်မဆယ်နဲ့ နောင်ချိုကြားထဲရောက်တော့ ပစ်ခတ်သံတွေကြားရတော့ သူလည်းရှေ့ဆက်မတက်ရဲတော့ဘူး။ နောက်ပြန်ဆုတ်ဖို့ကိုတောင် တော်တော်ခက်တယ်။ နောက်တခုက ကျောက်မဲနဲ့ ဂုတ်တွင်းကြား။ ကျောက်မဲ စခန်းသာနဲ့ ဂုတ်တွင်းကြားပေါ့။ အဲ့ဒီနားလေးမှာလည်း ပစ်ခတ်သံတွေကြားတယ်" ဟု လားရှိုးဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် လားရှိုးမြို့နှင့် သီပေါမြို့အကြားရှိ ဆွတ်လမ်းရွာတံတားမှာလည်း ဖျက်ဆီးခံထားရပြီး ကျောက်မဲနှင့် သီပေါမြို့အကြားရှိ ကျင်သီတံတားကိုလည်း ပိတ်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

  " ဆွတ်လမ်းရွာတံတားက ရွာတံတားလို့ ပြောရမှာပေါ့။ ပေ ၂၀ လောက်ရှိတယ်။ ဒါပေမဲ့ သူက ပြည်ထောင်စုလမ်းမကြီးပေါ်ကတံတား" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

 " အခုက လားရှိုး- မန္တလေး၊ လားရှိုး- ရန်ကုန်စသဖြင့် သွားမယ်ဆိုရင် အခုဟာက အရင်တုန်းက သွားတဲ့ လားရှိုး- မိုင်းရယ်- နမ့်လန်- ရပ်စောက်လမ်းဆိုရင်လည်း အခုချိန်က မိုးတွင်းဖြစ်နေတော့ တော်တော်အဆင်မပြေဘူး။ အခုသွားမယ်ဆိုရင် လားရှိုး- မိုင်းရယ်- ကျေးသီး ရှမ်းပြည်တောင်ပိုင်းဘက်ကနေ သွားရမယ့် သဘောဖြစ်နေတယ်" ဟု လားရှိုးဒေသခံတစ်ဦးက ပြောကြားသည်။

Most Read

Most Recent