နယူးကာဆယ်အသင်းမှ ဘောလုံးဒါရိုက်တာ ဒန်အက်ရှ်ဝပ်သ်ကို အားကစားဒါရိုက်တာအဖြစ် မန်ယူအသင်း ခန့်အပ်ခဲ့ပြီး အနာဂတ်တွင် အောင်မြင်မှုများ ရရှိစေရန် ဆန္ဒပြုကြောင်း နယူးကာဆယ် ဖော်ပြ

နယူးကာဆယ်အသင်းမှ ဘောလုံးဒါရိုက်တာ ဒန်အက်ရှ်ဝပ်သ်ကို အားကစားဒါရိုက်တာအဖြစ် မန်ယူအသင်း ခန့်အပ်ခဲ့ပြီး အနာဂတ်တွင် အောင်မြင်မှုများ ရရှိစေရန် ဆန္ဒပြုကြောင်း နယူးကာဆယ် ဖော်ပြ
Photo: Sky Sports
Photo: Sky Sports
Published 3 July 2024

 

မန်ယူအသင်းသည် နယူးကာဆယ်အသင်းမှ အင်္ဂလိပ်လူမျိုး ဘောလုံးဒါရိုက်တာ ဒန်အပ်ရှ်ဝပ်သ်ကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

ဒန်အပ်ရှ်ဝပ်သ်(၅၃ နှစ်)သည် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ထံတွင် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်သလို၊ နယူးကာဆယ်အသင်းသို့ မရောက်ရှိမီက ဝက်စ်ဘရွန်းနှင့် ဘရိုက်တန်အသင်းတို့တွင် နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။ မန်ယူအသင်းသည် ဒန်အက်ရှ်ဝပ်သ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းသည် မန်ယူအသင်း၏ ရှယ်ယာရှင်အသစ်ဖြစ်သော ဆာဂျင်ရက်ကလစ်ဖ်ပိုင်ဆိုင်သည့် INEOS ကုမ္ပဏီ၏ အားကစား အရာရှိချုပ်ဖြစ်သူ ဆာဒေ့ဗ်ဘရေးစ်ဖို့ဒ်နှင့် မိတ်ဆွေအရင်းအချာများဖြစ်သည့်အတွက် မန်ယူအသင်းသို့ ပြောင်းရွှေ့လာရန် စိတ်အားထက်သန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ ဘောလုံးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ခွင့်ရရှိခဲ့ပြီးနောက် စီမံခန့်ခွဲမှုပိုင်းကို အဓိက ပြင်ဆင်ဖွဲ့စည်းလျက်ရှိရာ ဆောက်သမ်တန်အသင်းမှ ဂျေဆင်ဝီလ်ကော့စ်ကို နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ထားသလို၊ မန်စီးတီးအသင်း၏ ဒါရိုက်တာဟောင်း အိုမာဘာရာဒါ ကိုလည်း အမှုဆောင်ချုပ်အဖြစ် ခန့်အပ်ရန် စီစဉ်နေသည်။ မန်ယူအသင်း၏ ကစားသမားအပြောင်းအရွှေ့ကိစ္စများကို ဂျေဆင်ဝီလ်ကော့စ်၊ ဒန်အက်ရှ်ဝပ်သ်နှင့် အိုမာဘာရာဒါတို့က အဓိကဆုံးဖြတ်လုပ်ဆောင်သွားရမည်ဖြစ်ပြီး အိုမာဘာရာဒါသည် ဇူလိုင်လအတွင်း အမှုဆောင်ချုပ်အဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် မူလက ဒန်အက်ရှ်ဝပ်သ်ကို ခေါ်ယူရန်အတွက် နယူးကာဆယ်အသင်းထံ လျော်ကြေး ပေါင်သန်း (၂၀)ဝန်းကျင် ပေးချေရဖွယ်ရှိကြောင်း သတင်းထွက်ခဲ့သော်လည်း ယခုအခါ ပေါင်(၁၀)သန်းအောက်သာ ပေးချေခဲ့ရကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ မန်ယူအသင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကမူ ပေါင်(၂.၇)သန်းသာ ပေးချေခဲ့ရသည်ဟု ဖော်ပြခဲ့သည်။ 

နယူးကာဆယ်အသင်းကလည်း ဒန်အက်ရှ်ဝပ်သ်အား မန်ယူအသင်းသို့ ထွက်ခွာခွင့်ပြုခဲ့ကြောင်း အတည်ပြုခဲ့သည့်အပြင် လုပ်ဆောင်ပေးခဲ့သည်များအတွက် ကျေးဇူးတင်ကြောင်းနှင့် အနာဂတ်တွင် အောင်မြင်မှုများ ရရှိစေရန် ဆန္ဒပြုကြောင်း ဖော်ပြခဲ့သည်။

Most Read

Most Recent