ဆောက်ဂိတ်အတွက် ကလပ်အသင်းများ၏ချဉ်းကပ်မှု မရှိသေးသော်လည်း ၎င်းနေရာ အစားထိုးမည့်အစီအစဉ် ပြင်ဆင်ထားသည်ဟု ဘူလင်ဟမ် ဆို

ဆောက်ဂိတ်အတွက် ကလပ်အသင်းများ၏ချဉ်းကပ်မှု မရှိသေးသော်လည်း ၎င်းနေရာ အစားထိုးမည့်အစီအစဉ် ပြင်ဆင်ထားသည်ဟု ဘူလင်ဟမ် ဆို
Photo: CentreGoals
Photo: CentreGoals
Published 14 June 2024

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)၏ အမှုဆောင်ချုပ်ဖြစ်သူ မာ့ခ်ဘူလင်ဟမ်က လက်ရွေးစင်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်အတွက် ကလပ်အသင်းများ၏ ချဉ်းကပ်မှု မရှိသေးသော်လည်း ၎င်းနေရာ အစားထိုးမည့်အစီအစဉ်ကို ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ဆောက်ဂိတ် (၅၃ နှစ်) သည် အင်္ဂလန်အသင်းအား ၂၀၁၆ ခုနှစ်ကတည်းက ကိုင်တွယ်နေခြင်းဖြစ်ပြီး ၎င်း၏စာချုပ်မှာ ဒီဇင်ဘာတွင် ကုန်ဆုံးမည်ဖြစ်သည်။

၎င်းအနေ ဖြင့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိပါက သက်တမ်းမတိုးဘဲ လမ်းခွဲရဖွယ်ရှိသလို မန်ယူအသင်း နည်းပြရာထူးအတွက် ရေပန်းစားနေသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ မာ့ခ်ဘူလင်ဟမ်က ''ချဉ်းကပ်မှုတွေ မရှိသေးပါဘူး။ ပြိုင်ပွဲပြီးသွားတဲ့အခါ ကျွန်တော်တို့ အတူတူထိုင်ပြီး ဆွေးနွေးကြမှာပါ။ ဂါရတ်ကလည်း ပြိုင်ပွဲအပြီးမှာ အဲဒီအကြောင်း ပြောချင်တယ်လို့ ပွင့်ပွင့်လင်း လင်းပြောထားပါတယ်။ သူ့ကိုရော အသင်းအတွက်ပါ ဘယ်လိုအနှောင့်အယှက်မှ ကျွန်တော် မဖြစ်စေချင်ပါဘူး။ အဲဒါကို ကျွန်တော် လေးစားမှုရှိပါတယ်။ သူက ကျွန်တော်တို့အသင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့တယ်လို့ ထင်တယ်။ ၁၉၆၆ နောက်ပိုင်းမှာ သူက ရှုံးထွက်အဆင့်ပွဲစဉ်တစ်ဝက်လောက် အနိုင်ရခဲ့တယ်။ ဒါကြောင့် သူ့ကို အရမ်းတန်ဖိုးထားပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းမဆို သူတို့ရဲ့ထိပ်တန်းဝန်ထမ်းအတွက် ဆက်ခံမယ့် အစီအစဉ်ရှိတယ်လို့ ကျွန်တော်ပြောဖူးပါတယ်။ ကျွန်တော်တို့လည်း ခြားနားမှုမရှိပါဘူး'' ဟု ဆိုခဲ့သည်။

ဆောက်ဂိတ်သည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၉၉၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ကစားခဲ့ပြီးနောက်  ကလပ်အသင်းနည်းပြအဖြစ် မစ်ဒယ်ဘရော့အသင်းကို ၂၀၀၆ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့သည်။

ယင်းနောက် အင်္ဂလန် ယူ-၂၁ အသင်းကို ၃ နှစ်ကြာကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှစတင်၍ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဖြစ်လာခဲ့သူဖြစ်သည်။

ဆောက်ဂိတ်လက်ထက်တွင် အဓိကအောင်မြင်မှု မရရှိသေးသော်လည်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်နှင့် ယူရိုတွင် ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့သည်။ 

Most Read

Most Recent