၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌ ဘရာဇီးလ်အသင်း၏လူစာရင်း ယူရို(၁.၂၇) ဘီလီယံဖြင့် တန်ဖိုးအများဆုံးအဖြစ်ရပ်တည်နေဟု Transfermarkt ဖော်ပြ

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌ ဘရာဇီးလ်အသင်း၏လူစာရင်း ယူရို(၁.၂၇) ဘီလီယံဖြင့် တန်ဖိုးအများဆုံးအဖြစ်ရပ်တည်နေဟု Transfermarkt ဖော်ပြ
Photo: Transfermarkt
Photo: Transfermarkt
Published 24 June 2024

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌ ဘရာဇီးလ်အသင်း၏လူစာရင်းမှာ တန်ဖိုးအများဆုံးအဖြစ် ယူရို(၁.၂၇)ဘီလီယံဖြင့် ရပ်တည်နေကြောင်း Transfermarkt ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ဘရာဇီးလ်အသင်းသည် နာမည်ကျော်ကစားသမား အများအပြားဖြင့် ဖွဲ့စည်းထားသောကြောင့် လက်ရှိစျေးကွက်တန်ဖိုးအရ ကိုပါအမေရိကပြိုင်ပွဲ၌ တန်ဖိုးအများဆုံးလူစာရင်းကို ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ၏ လူစာရင်းနှင့် နှိုင်းယှဉ်ကြည့်လျှင်လည်း အင်္ဂလန်အသင်း၏နောက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အင်္ဂလန်အသင်း၏ လက်ရှိလူစာရင်းမှာ ကမ္ဘာပေါ်တွင် တန်ဖိုးအများဆုံးအဖြစ် ဦးဆောင်နေပြီး တန်ဖိုးအားဖြင့် ယူရို(၁.၅၂)ဘီလီယံရှိကြောင်း သိရသည်။

ဘရာဇီးလ်အသင်းသည် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌ လူစာရင်းတန်ဖိုးအများဆုံးအဖြစ် ရပ်တည်နေသည့်အပြင် ကစားသမားတစ်ဦးချင်းအလိုက် တန်ဖိုးအများဆုံးစာရင်းတွင်လည်း ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ယူရိုသန်း(၁၈၀)ဖြင့် ဦးဆောင်နေကြောင်း သိရသည်။

အသင်းလိုက်တန်ဖိုးအများဆုံးစာရင်းတွင် ဘရာဇီးလ်၏နောက်၌ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက ယူ ရို(၈၀၅)သန်းဖြင့် ရပ်တည်ခဲ့ပြီး ဥရုဂွေးအသင်းက ယူရိုသန်း(၄၈၀)ဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် အသင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်သည့်အနက် လူစာရင်းတန်ဖိုးအနည်းဆုံးမှာ ဘိုလစ်ဗီးယားအသင်းဖြစ်ပြီး ယူရို(၁၄.၅)သန်းသာရှိကြောင်း သိရသည်။

လူစာရင်းတန်ဖိုး ယူရိုသန်း(၁၀၀)အောက်သာရှိသည့် ပြိုင်ပွဲဝင်အသင်း (၇)သင်းအထိရှိခဲ့ပြီး အိမ်ရှင်အမေရိကန်အသင်းမှာ ယူရို(၃၄၆)သန်းဖြင့် စတုတ္ထနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

တန်ဖိုးအများဆုံး ကစားသမားစာရင်းတွင် ဗင်နီစီယပ်စ်၏နောက်၌ ဥရုဂွေးကွင်းလယ်လူ ဗယ်လ်ဗာဒီက ယူရိုသန်း(၁၂၀)ဖြင့် ရပ်တည်ခဲ့ပြီး တတိယနေရာတွင် အာဂျင်တီးနားတိုက်စစ်ကစားသမား လော်တာရိုမာတီနက်ဇ်က ယူရိုသန်း(၁၁၀)ဖြင့် ရပ်တည်ခဲ့သည်။

နာမည်ကျော် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီမှာ ကစားသမားဘဝ နေဝင်ချိန်သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ထိပ်ဆုံး(၁၀)ဦးစာရင်းတွင်ပင် ပါဝင်ခြင်းမရှိတော့ဘဲ ၎င်း၏ စျေးကွက်တန်ဖိုးကို ယူရိုသန်း(၃၀)ဟုသာ သတ်မှတ်ခံခဲ့ရသည်။

သို့သော် ထိပ်ဆုံး(၁၀)ဦးစာရင်း၌ အာဂျင်တီးနားကစားသမား (၄)ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး ဘရာဇီးလ်ကစားသမားမှာ (၃)ဦးသာ ပါဝင်ခဲ့ကြောင်း သိရသည်။

Transfermarkt က တစ်သင်းချင်းအလိုက် တန်ဖိုးအများဆုံးကစားသမားများကိုလည်း ဖော်ပြခဲ့ရာ တန်ဖိုးအနည်းဆုံးအသင်းဖြစ်သည့် ဘိုလစ်ဗီးယားအသင်း၏ တန်ဖိုးအကြီးဆုံးကစားသမားမှာ ရုရှားပရီးမီးယားလိဂ်တွင် သွားရောက်ကစားနေသည့် နောက်ခံလူ ရောဘတ်တိုဖာနန်ဒက်ဇ်ဖြစ်ပြီး စျေးကွက်တန်ဖိုးမှာ ယူရို(၁)သန်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဗင်နီစီယပ်စ်နှင့် ယင်းကစားသမားမှာ တန်ဖိုးအဆ(၁၈၀)ကွာဟခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent